သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပုံပြောခြင်းနှင့် စာအုပ်/စာစောင်ပြပွဲပြုလုပ်

သရက်ချောင်း မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကလေးသူငယ်များအား နွေရာသီကျောင်းပိတ်ရက်၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်ကဏ္ဍများတိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ ယမန်နေ့က ပုံပြောခြင်းနှင့် စာအုပ်/စာစောင်ပြပွဲ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးနွယ်ဝင်းက ကလေးသူငယ်များအား "ပညာရှိယုန်" အကြောင်းပုံပြင်ပြောပြရာ အဆိုပါပုံပြင်တွင် ပညာရှိယုန်မှ တိရစ္ဆာန်များ‌ကြောက်ရတဲ့ကျားကြီးကို အနိုင်ရရှိပုံ၊ ကျားကြီးကိုအနိုင်ယူရန် ပညာရှိယုန်နှင့်တိရစ္ဆာန်များအချင်းချင်း စည်းလုံးညီညွတ်မှုရှိပုံ၊ ပညာရှိယုန်က ကျားကြီးကိုအနိုင်ယူရန် အတွေး‌အခေါ်ရှိပုံ၊ ကျားကြီးက ပညာရှိယုန်ကိုပြိုင်ပွဲတွင် ရှုံးနိမ့်မှ တောထဲမှ ထွက်သွားရပုံ၊ တိရစ္ဆာန်များမှ ပညာရှိယုန်အား ခေါင်းဆောင်တင်မြောက်လိုက်ပုံတို့ကို စိတ်ဝင်စားဖွယ်ရာ ပုံပြောပြလိုက်ပြီးနောက် ကလေးသူငယ်များနှင့် "ပညာရှိယုန်" ပုံပြင်မှ လေးစားဖွယ်ရာ၊ အတုယူဖွယ်ရာ၊ ဉာဏ်ပညာကြီးမားပုံတို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကလေးသူငယ်များ ဖတ်ရှုလေ့လာကြရန် ပုံပြင်စာအုပ်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)