ချမ်းမြသာစည် မတ် ၂၄
နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဉာဏ်ရည်ဥာဏ်သွေးများ ထက်မြက်လာစေရန်၊ စာဖတ်ရှိန်မြင့်မား လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းနှင့် စာပေရေးသားနည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ (Book Club ဥက္ကဋ္ဌ) စာရေးဆရာ မင်းဏီလူက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စိမ်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူး ဦးဌေးအောင်က မုဒိတာစကားပြောကြားခဲ့သည်။ ဖွင့်ပွဲအခမ်းအနားပြီးနောက် ပန်းချီသင်တန်းနည်းပြအဖြစ် ကာတွန်း/ပန်းချီဆရာ စိန်မိုဃ်းက အခြေခံပန်းချီရေးဆွဲနည်း ပညာရပ်များကိုလည်းကောင်း၊ စာရေးဆရာ ဆရာမင်းဏီလူက စာပေရေးသားနည်းများနှင့် ပတ်သက်၍ သိသင့်သိထိုက်သည်များ၊ စာစီစာကုံးရေးသားနည်းများ အစရှိသည်တို့ကို သင်ကြားပို့ချပေးခဲ့သည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာမင်းဏီလူနှင့် စာရေးဆရာကြီးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြများ၊ သင်တန်းသား/သူ (၃၅) ဦးနှင့် မိဘများ တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ (၂၄.၃.၂၀၂၅) ရက်နေ့မှ (၂၈.၃.၂၀၂၅) ရက်နေ့အထိ (၅) ရက်ကြာ စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းမြေ့