ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Soft Skills သင်တန်း ဖွင့်လှစ်

ပြင်ဦးလွင် မတ် ၂၄

နွေရာသီကျောင်းပိတ်ရက်များအတွင်း ကျောင်းသားကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) Soft Skills သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့‌ နံနက်(၉)နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ စာရေးဆရာ ကိုရွှေအောင်သင်းက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍  သင်တန်းနည်းပြအဖြစ် ဦးအောင်မျိုးပိုင်( Human Resource Management  Consultant)က Soft Skills/ Hard Skills နှင့်ပတ်သက်သောအကြောင်းအရာများ၊  Communication Skills၊ Presentation Skills ၊ Interpersonal Skills၊ အချိန်ကို အကျိုးရှိအောင် အသုံးချပုံ၊ ဖိအားများအောက်တွင် အလုပ်လုပ်နိုင်သည့်စွမ်းရည်များ၊ အလုပ်နှင့်ပတ်သက်‌သော ကျင့်၀တ်ဆိုင်ရာများ၊ အဖွဲ့အစည်းနှင့်လုပ်ကိုင်တတ်သော လူတစ်ယောက်ဖြစ်စေရန် ဆောင်ရွက်ရမည့် နည်းလမ်းများ၊မိမိလုပ်ကိုင်နေသော အသင်းအဖွဲ့များနှင့် လိုက်လျောညီထွေမှု ရှိအောင် နေထိုင်နည်းများနှင့်  အလုပ်တစ်ခုလုပ်ကိုင်သည့်အခါ မိမိကိုယ်ကို ယုံကြည်မှုအပြည့် ဖြင့် လုပ်ကိုင်ဆောင်ရွက်ရမည့်အချက်များ  အစရှိသည်တို့ကို သင်ကြားပို့ချသွားမည်ဖြစ်သည်။

အဆိုပါ Soft Skills သင်တန်းအား ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၂၈)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး (၂၄.၃.၂၀၂၅) ရက်နေ့မှ (၂၇.၃.၂၀၂၅) ရက်နေ့အထိ (၄)ရက်ကြာ စာတွေ့/ လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သွေးသွေး (ခရိုင် ပြန်/ဆက်)