မိတ္ထီလာမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်စည်ကားစွာကျင်းပမည်

မိတ္ထီလာ မတ်၂၄

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု  မဟာသင်္ကြန်ပွဲတော်ကိုသင်္ကြန်ယိမ်းအကများဖျော်ဖြေမှုများ၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များဖြင့် စည်ကားစွာကျင်းပမည်ဖြစ်ကြောင်း သိရသည်။

၂ဝ၂၅ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို သင်္ကြန်ယိမ်းအကဖျော်ဖြေမှု၊ တေးသီချင်များဖြင့် သီဆိုဖျော်ဖြေမှု၊ လမ်းလျှောက်သင်္ကြန်ပွဲတော်များနဲ့အတူ စည်ကားစွာကျင်းပသွားမှာ ဖြစ်ပါတယ်။ မဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ကို ယမန်နှစ်က ဆောက်လုပ်ခဲ့တဲ့ နန်းတော်ကုန်းရပ်ကွက် အရှေ့ဘက်ထိပ် မိတ္ထီလာမြောက်ကန်အနီးမှာပဲဆောက်လုပ်ပြီး သင်္ကြန်ပွဲတော်ကို ကျင်းပမှာဖြစ်ပါတယ်ဟု မဟာသင်္ကြန်ပွဲတော်သတင်းထုတ်ပြန်ရေးဆပ်ကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မိတ္ထီလာတွင် မဟာသင်္ကြန်ပွဲတော်ကို မဟာသင်္ကြန်အကြိုနေ့၊ မဟာသင်္ကြန်အကျနေ့၊ မဟာသင်္ကြန်အကြတ်နေ့၊ မဟာသင်္ကြန်အတက်နေ့ ၄ ရက်တိုင်စည်ကားစွာကျင်းပပြီး မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲကိုလည်း အစဉ်အလာမပျက် ကျင်းပမည်ဖြစ်ကြောင်းသိရသည်။

ချမ်းသာ