လမ်းမတော်မြို့နယ်တွင် နွေရာသီပန်းချီရေးဆွဲနည်းသင်တန်း(အလယ်တန်းအဆင့်)ဖွင့်လှစ်

လမ်းမတော် မတ် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန် ရည်ရွယ်၍နွေရာသီပန်းချီရေးဆွဲနည်းသင်တန်း(အလယ်တန်းအဆင့်)အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထိုသို့ဖွင့်လှစ်ရာတွင် ရှေးဦးစွာ လမ်းမတော်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်တင်တင်စိန်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာ ဦးနွဲ့မြင့်သိန်းက သင်တန်းတွင် သင်ကြားမည့်အကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့ပြီးနောက် အလယ်တန်းအဆင့်ပန်းချီရေးဆွဲမည့် အကြောင်းအရာများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ပို့ချသင်ကြားပို့ချခဲ့သည်။

ထို့နောက် နွေရာသီပန်းချီရေးဆွဲနည်းသင်တန်း(အလယ်တန်းအဆင့်)ကို ဆက်လက်ဖွင့်လှစ် သင်ကြားခဲ့ပြီး သင်တန်းသို့ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ ၃၅ ဦးတက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၂ ရက်နေ့အထိ နံနက် ၉ နာရီမှ ၁၁ နာရီအထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်ဆန်းမြင့်