သံတောင်ကြီးမြို့တွင် ဒေသခံပြည်သူများမှ ကတက်ချဉ်များပြုလုပ် ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေ ရရှိ

သံတောင်ကြီး မတ် ၁

ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသသည် တောင်ပေါ်ဒေသဖြစ်ပြီး ဥယျာဉ်ခြံလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများသည်  မိမိတို့၏  ဥယျာဉ်ခြံများအတွင်းတွင် ကတက်ပင်များစိုက်ပျိုးပြီး တစ်ချို့ကတက်ပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်လျက်ရှိသည်။ ယခုအချိန်တွင် အရွက်နုများ စတင်ထွက်ရှိလာပြီး စားသုံးရန် သင့်လျော်ပြီဖြစ်သည့် ပေါ်ဦးပေါ်ဖျား ကတက်ရွက်များကို ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးကာ ကတက်ချဉ်များ ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ သံတောင်ကြီးဒေသရှိ ကတက်ပင်များသည် အခြားသောနှစ်ရှည်ပင်များနှင့် ရောနှောစိုက်ပျိုးကြသာသာမက တစ်ချို့အပင်များမှာ သဘာဝအတိုင်း ပေါက်ရောက်ရှင်သန်လျက်ရှိသည်။ ယခုနွေရာသီအချိန်တွင် ရာသီစာအရွက်ဖြစ်သည့် ကတက်ရွက်များကို ဆားရည်စိမ်ပြီး အချဉ်သိမ့်၍ သံတောင်ကြီးမြို့ပေါ်တွင်သာ ပြန်လည်ရောင်းချရာတွင် တစ်စီးကို ကျပ်(၁၀၀၀)မှ အထိ ရရှိသည့်အတွက် မိသားစုအပိုဝင်ငွေ ရရှိကြောင်း ကတက်ချဉ်ပြုလုပ်ရောင်းချသူ ဦးစောကညောထံက သိရသည်။

နော်နော်မူ