ကသာ မတ် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို မတ်လ(၁၇)ရက်နေ့နံနက် (၁၀) နာရီခွဲအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စာကြည့်တိုက်များ၏ အခန်းကဏ္ဍနှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားရေးကို ပူးပေါင်းဆောင်ရွက်ကြရာတွင် စာကြည့်တိုက်မှူးများ၏ အခန်းကဏ္ဍသည်အရေးပါကြောင်း၊ စာကြည့်တိုက်များကို သက်ဝင်လှုပ်ရှားအောင်အဓိက စီမံဖန်တီးပေးကြသူများမှာ စာကြည့်တိုက်တာဝန် ခံများဖြစ်သည့်အတွက် စာကြည့်တိုက်ပညာရပ်များကို အလေးအနက်ထား လေ့လာသင်ယူကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ဆက်လက်၍ ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းကို မတ်လ (၁၇)ရက်နေ့မှ မတ်လ (၂၁)ရက်နေ့ထိ သင်တန်းသား (၂၀)ဦးဖြင့် နံနက် (၁၀)နာရီမှ ညနေ (၃)နာရီထိ စာတွေ့၊ လက်တွေ့သင်ကြားပို့ချ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ရဲလင်းထွန်း(ပြန်/ဆက်)