လယ်ဝေး မတ် ၁၉
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်ဦး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ အေလာသရက်တောစာသင်တိုက်၌ မတ်လ ၉ ရက်နေ့မှ ဧပြီ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီယဉ်ကျေးလိမ္မာသင်တန်းသို့ တက်ရောက်လျက်ရှိသည့် ကလေးငယ် ၄၀၀ ဦးခန့် သင်ကြားနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် အေလာသရက်တော ပရိယတ္တိစာသင်တိုက် ဆရာတော် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရအား ဖူးမြော်ကြည်ညို၍ အလှူငွေ၊ ဆန်၊ ဆီ၊ ဆေး၊ ဆား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ကလေးငယ်များအား မုန့်၊ အချိုရည်နှင့် စာရေးကိရိယာများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ အေလာမြို့ရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်သို့သွားရောက်၍ လုပ်ငန်းလည်ပတ်နေမှုနှင့် တိုးချဲ့ဆောင်ရွက်မည့်အခြေအနေများအားလည်းကောင်း၊ ရုံးပင်ကျေးရွာအုပ်စု၊ ကြံခင်းစုရွာမှ ဦးအောင်ထွန်း၏ တစ်ရက်လျှင် ဆန်တန်ချိန် ၄၀ တန်ကျနှင့် ၃၀ တန်ကျ ထုတ်လုပ်နိုင်သည့် ငြိမ်းချမ်းသာအဆင့်မြင့်ဆန်စက်နှင့် ဆန်သန့်စင်စက်ရုံသို့လည်းကောင်း သွားရောက်ကြည့်ရှုအားပေးရာ လုပ်ငန်းရှင်မှ အဆင့်မြင့်ဆန်စက်နှင့် ဆန်သန့်စင်စက်ရုံမှ ထွက်ရှိသည့် စွန့်ပစ်ပစ္စည်းစပါးခွံဖြင့် လောင်စာတောင့် ထုတ်လုပ်မည့်စက်ရုံ တည်ဆောက်နေမှု၊ စပါးခွံမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သည့် (Gasifier)စက်တည်ဆောက်နေမှု အခြေအနေတို့အား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်က ကြိတ်ခွဲထုတ်လုပ်သည့် ဆန်များ အရည်အသွေးကောင်းမွန်ပြီး ဈေးကွက်ရရှိရေး၊ စမ်းသပ်ထုတ်လုပ်မည့် လုပ်ငန်းနှင့်စပ်လျဉ်း၍ လိုအပ်သည့် အကူအညီများရှိပါက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းဖြင့် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)