နေပြည်တော် မတ် ၁၉
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ ကြို့ကုန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၈၀၁ တောင်သူ ဦးဝင်းငြိမ်း၏ နွေစပါးစိုက်ခင်းအနီး ယာယီရှင်းလင်းဆောင်တွင် တောင်သူများနှင့် တွေ့ဆုံခဲ့သည်။
တွေ့ဆုံစဉ် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးက နွေစပါးစိုက်ပျိုးနေမှုအခြေအနေများ၊ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးရာတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များ၊ စိုက်ပျိုးနည်းစနစ်များကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စပါးအပါအဝင် သီးနှံများ အထွက်နှုန်းတိုးတက်ရေးအတွက် မိရိုးဖလာစိုက်ပျိုးနည်းမှ သိပ္ပံနည်းကျ စိုက်ပျိုးနည်းစနစ်များ မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများတွင် သဘာဝမြေဩဇာများကို အသုံးပြုရေးနှင့် စိုက်ပျိုးရေများ စနစ်တကျသုံးစွဲပြီး ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းထွက်ရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းလေးသွယ်ကို စနစ်တကျမှန်ကန်စွာ ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မြေများကို လှပ်ထားခြင်းမပြုရေးနှင့် သီးထပ်စွမ်းအားများ တိုးတက်ကောင်းမွန်အောင် စိုက်ပျိုးကြစေလိုကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာသုံးစက်ကိရိယာများကို အသုံးပြုပြီးစိုက်ပျိုးရေး၊ စိုက်ပျိုးနည်းကို နည်းစနစ်ကျကျ စိုက်ပျိုးမှသာ သီးနှံအထွက်နှုန်းများ တိုးတက်ထွက်ရှိပြီး တစ်ဦးချင်းဝင်ငွေများ တိုးလာမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တောင်သူ ဦးဝင်းငြိမ်း၏ လယ်မြေတွင် မျိုးစေ့ချကိရိယာ Seeder ဖြင့် စိုက်ပျိုးထားသည့် နွေစပါးစိုက်ခင်းအား ပေါင်းလိုက်သမန်းနှိုးကိရိယာဖြင့် ပေါင်းလိုက်သမန်းနှိုး သရုပ်ပြသဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ပြောင်ခေါင်းကြီးကျေးရွာအုပ်စု၊ ပြောင်ခေါင်းကြီးမွေးမြူရေးဇုန်ရှိ ဦးမြင့်ထူး၏ အသားတိုးကြက်မွေးမြူရေးခြံသို့ သွားရောက်၍ အသားတိုးကြက်များ မွေးမြူထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဌာနကြီးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်၊ တည်ထောင်ကျေးရွာအုပ်စုအတွင်းရှိ စမတောင်မဟာပရဟိတလူငယ်ဖွံဖြိုးရေးဥယျာဉ်ကျောင်း ဦးစီးပဓာန နာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏိန္ဒဆရာတော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ လှူဒါန်းသည့် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)သို့ သွားရောက်၍ အဘိုးအဘွားများအား အာဟာရဒါနအတွက် နေပြည်တော်ကောင်စီနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ လှူဒါန်းသည့် အလှူငွေများကို ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)