နေပြည်တော် မတ် ၁၉
ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂၀၂၅)သို့ တက်ရောက်နေသည့် သင်တန်းသားများအတွက်ချီးမြှင့်ငွေပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် တွဲဖက်အတွင်းရေးမှူး၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၁၁)(၃/၂၀၂၅)သို့ တက်ရောက်နေသည့် သင်တန်းသားများအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်းက လက်ခံရယူသည်။
ဆက်လက်၍ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်စေရေးအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်းရှိ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများကို သန့်ရှင်းသာယာလှပရေးကို အမြဲမပြတ်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း အသား၊ ငါး၊ ဥ၊ နို့နှင့် အခြေခံစားသောက်ကုန်များ ဖူလုံရေး၊ အဆင့်မြင့်မွေးမြူရေးနှင့် စနစ်ကျမွေးမြူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရေးနှင့် မွေးမြူရေးဇုန်များအလိုက် မွေးမြူရေးထုတ်ကုန်များတိုးတက်ထုတ်လုပ်နိုင်ရေး၊ တန်ဖိုးမြှင့်ထုတ်ကုန်များထုတ်လုပ်ရေးကို လေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တိရစ္ဆာန်အစာအတွက် လုံလောက်မှုရှိစေရေးကို အစီအမံများရေးဆွဲပြီး ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံများကို အရည်အသွေးကောင်းမွန်ရေး၊ အရည်အသွေးမီ၊ အဆင့်မီသည့် တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်ရေး၊ ပန်းတိုင်အထွက်နှုန်းများထွက်ရှိရေး၊ သဘာဝမြေဩဇာများအသုံးပြုရေး၊ သီးထပ်စွမ်းအားများတိုးတက်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ဒေသတွင်းစာသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ စက်မှုထုတ်ကုန်များတိုးတက်အောင်ထုတ်လုပ်ရေး၊ လယ်ယာသုံးစက်ကိရိယာများကို စက်စွမ်းအားပြည့်ဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ရမှာဖြစ်ကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် တိုင်းကျိုးပြည်ပြုလုပ်ငန်းများကို ဝိုင်းဝန်းပူးပေါင်းပြီး အားကြိုးမာန်တက် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပြောကြား သည်။
ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက်လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)