နေပြည်တော် မတ် ၁၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာသင်ခန်းပြင်ပ သင်ခန်းစာတွေကို လေ့လာနိုင်စေရန်နှင့် ကဗျာရေးသားခြင်း၏ အခြေခံသဘောတရားများကို စနစ်တကျ လေ့လာနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းတွင် ကဗျာရေးသားနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့သည်။
ဦးစွာ ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။
ထို့နောက် နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ နွေဦးကိုကိုက ကဗျာရေးသားခြင်း၏ အခြေခံသဘောတရားများ၊ ကဗျာဖွဲ့စည်းပုံ၊ စကားလုံးရွေးချယ်မှု၊ စာပေအနုပညာနှင့် စိတ်ကူးစိတ်သန်းများကို မည်ကဲ့သို့ အသုံးချရမည်ဆိုသည့် အကြောင်းအရာများ၊ ကျော်ကြားသော ကဗျာဆရာများ၏ လက်ရာများကို လေ့လာခြင်းနှင့် လက်တွေ့လေ့ကျင့်ခန်းများကို သင်ကြားပေးခဲ့ပြီး အမှတ်(၂၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၂၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ပြီး မတ်လ ၁၈ ရက်နေ့မှ မတ်လ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။
အောင်သူရဦး (ပြန်/ဆက်)