စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် မိတ္ထီလာခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ဆီစက်လုပ်ငန်းများသို့ ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူများ ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် မိတ္ထီလာခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ဆီစက်လုပ်ငန်းများသို့ ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူများအားလုံးသည် ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူအသုံးပြုရာတွင် ဘေးကင်း လုံခြုံစွာ အသုံးပြုနိုင်ရေးအတွက် ခရိုင်အတွင်း ထုတ်လုပ်လျက်ရှိသော ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံ ချက်ပေးခြင်းနှင့် ကုန်အညွန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိရာ စားသုံးသူရေးရာဦးစီးဌာနမှ  ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မိတ္ထီလာခရိုင်အတွင်း ရတနာမာန်အောင်ရပ်ကွက်ရှိ ရွှေပြည်စိုးဆီစက်၊ စက်မှုဇုန်ရှိ ဇင်ယော်ဆီစက်နှင့် မိဘမေတ္တာဆီစက်သို့ သွားရောက်၍ မိမိတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင် အရည်အသွေး၊ အလေးအချိန်၊ အချင်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာထည့်သွင်း၍ ဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းနှင့်အညီ ထုတ်လုပ်ရောင်းချမှုရှိစေရေး၊ ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများကို ပြည့်စုံမှန်ကန်စွာ ဆောင်ရွက်မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်၏ အမျိုးအမည်ကို တိကျစွာ မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ကြောင်း၊ ကုန်စည်၏ အသားတင်ပမာဏနှင့် အရွယ်အစားတို့အား မြန်မာအလေးချိန် ယူနစ်ဖြစ်သော ပိဿာ၊ ကျပ်သားတို့ကို မြန်မာဘာသာဖြင့် ဖော်ပြရမည်ဖြစ်ပြီး ၊ FDA  ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်းကာလများ၌ကွင်းဆင်းစစ်ဆေးမှုများနှင့်အတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် အထူးအလေးထား ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)