မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ ကျင်းပ

ပြည်ကြီးတံခွန် မတ် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယမန်နေ့ နံနက် (၁၀)နာရီ အချိန်က အိမ်တွင်းအကြမ်းဖက်မှု အသိပညာပေး ဟောပြောပွဲ၊ အိမ်တွင်းဝင်ငွေတိုးလုပ်ငန်းအကြောင်း ဟောပြောပွဲနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အိမ်တွင်းအကြမ်းဖက်မှုများဖြစ်စဉ်များနှင့် ပက်သက်၍    အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရည်မွန်သူက အိမ်တွင်ဝင်ငွေတိုးလုပ်ငန်းတစ်ခုဖြစ်သည့် ဆပ်ပြာဆီလုပ်ငန်းနှင့်ပက်သက်၍ ဟောပြောဆွေးနွေးခဲ့ရာ တက်ရောက်လာသော မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် အပြန်အလှန် အသီးသီးမေးမြန်းဖြေကြားခဲ့သည်။

ယင်းနောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဟောပြောပွဲတွင်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ချိုချိုမြင့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်စောလွင်တို့က လူကုန်ကူးမခံရအောင် အထူးဂရုစိုက် ကာကွယ်ရမည့် နည်းလမ်းအကြောင်းအရာများအား ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသော မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ခင်ကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ် သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် လှပသာယာပြည်မြန်မာ အသိပညာပေး နံရံကပ်စာစောင်များအား စိတ်ဝင်တစားဖတ်ရှုလေ့လာကြည့်ရှုခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း အခမဲ့ လက်ဝယ်အရောက် ဖြန့်ဝေ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)