မန္တလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး လှည့်လည်ကြည့်ရှုအားပေး

အောင်မြေသာစံ မတ် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၇ ရက်မှစ၍ ကျင်းပလျက်ရှိရာ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အခြေခံ ပညာအထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဦးစွာ စာမေးပွဲဖြေဆိုခြင်းမပြုမီ ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်များမှန်၊ မမှန် စစ်ဆေးခြင်းများနှင့်လိုအပ်သည့် စစ်ဆေးမှုများကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဆောင်ရွက်ကြသည်။

ထိုသို့ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့်အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ယင်းသို့ ကျောင်းသူ၊ ကျောင်းသားများ စိတ်အေးချမ်းသာစွာနှင့်ဘေးအန္တရာယ်ကင်းရှင်းစွာ စာမေးပွဲဖြေဆိုနေမှုများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကိုထိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသော စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းပညာရေးမှူး ဦးကျော်မိုးထွန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများက အမှတ် (၁၆) ၊ အမှတ် (၁) နှင့် အမှတ် (၁၄) အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုအား ပေး၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)