ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုအား ကြည့်ရှုအားပေး

ဘားအံ မတ် ၁၈

၂၀၂၄-၂၀၂၅ ပညာသင်နှစ် မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုလျက်ရှိရာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ကျောင်းသား၊ကျောင်သူများ၏ အင်္ဂလိပ်စာ ဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုနေမှုများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၅၀၁ ဦး အင်္ဂလိပ်စာဘာသာရပ်အား စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး အထူးဂရုပြု ဆောင်ရွက်ကြရန်၊ တာဝန်ဝတ္တရားများကို ကျေပွန်စွာ ဆောင်ရွက်၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ ၁၈၈ ဦး အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီနှင့် ခရိုင်/မြို့နယ် လူငယ်ရေးရာကော်မတီ၏ (၁/၂၀၂၅)လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး  ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ရေးရာလှုပ်ရှားမှုများကို ဆွေးနွေးပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးက ကရင်ပြည်နယ်လူငယ်ရေးရာလှုပ်ရှားမှုပြက္ခဒိန်မူကြမ်းကို ဆွေးနွေးတင်ပြပြီး အစည်းအဝေးသို့ တက်ရောက်လာသော ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြရာ ဆွေးနွေးတင်ပြမှုများ အပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)