ကျောက်ဆည် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရာဂီမုန်တိုင်းနှင့်ဆက်စပ် ဖြစ်ပွားသော ရေဘေးများကြောင့် ဘေးသင့်ခဲ့သည့်ပြည်သူများအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့မှ လှူဒါန်းသော ဆန်အိတ်(၅၈၃၂)အိတ်အား ယမန်နေ့မွန်းလွဲ(၁)နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန သိုလှောင်ရုံ၌ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ဆက်လက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆန်များထောက်ပံ့ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးခင်မောင်ဝင်းနှင့် မြို့နယ်ဆန်ထောက်ပံ့ရေးကော်မတီအဖွဲ့ဝင်များက ကျောက်ဆည်မြို့နယ်အတွင်းရှိ ရေဘေးသင့်ခဲ့သည့် ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၃၈)ရွာမှ အိမ်ခြေ(၁၃၉၇၀)အိမ်၊ အိမ်ထောင်စု(၁၄၁၉၃)စု၊ လူဦးရေ (၅၈၉၃၈)ဦးအတွက် လူတစ်ဦးလျှင် ဆန်နို့ဆီဘူး(၁၉)ဘူးနှုန်းဖြင့် ဆန်အိပ်ပေါင်း(၅၈၃၂)အိပ်အား သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်မိ/ရပ်ဖများထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ရပ်ကွက်/ကျေးရွာပြည်သူများမှတစ်ဆင့် ရေဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)