နေပြည်တော် မတ် ၁၈
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့ သွားရောက်ရှိပြီး ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ပေးလျက်ရှိသည့် အခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအား ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲဖြေဆိုသူနှင့် စာမေးပွဲလုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေး ဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းအတွင်း လေဝင်လေထွက်ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အောင်မြင်အောင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဇမ္ဗူသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အ.လ.က(၃) စာစစ်ဌာနသို့ သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စာစစ်ဌာနစုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၂၉၂၆ ဦး စာရင်းပေးသွင်းကြပြီး ၁၂၄၅၃ ဦး ဝင်ရောက်ဖြေဆိုရာ ရာခိုင်နှုန်းအားဖြင့် ၉၆ ဒသမ ၃၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)