မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအား ကြည့်ရှုအားပေး

မိတ္ထီလာ မတ် ၁၇

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က စတင်ကျင်းပရာသက်ဆိုင်ရာစာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေရာမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက ကြည့်ရှု့အားပေးခဲ့ ကြောင်း သိရသည်။

ထိုကဲ့သို့ ကြည့်ရှုအားပေးရာတွင် အ.ထ.က (၃) ၊ အ.ထ.က (၁) နှင့် အ.ထ.က (၅) စာစစ်ဌာန ၃ ခု၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆို‌နေသည့် ကျောင်းသူ၊ ကျောင်းသားများအား မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့  တိုင်းဒေသကြီး ဝန်ကြီးများနှင့် အတူ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ လိုက်ပါ၍ကြည့်ရှုအားပေးခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် အ.ထ.က (၁)၊ အ.ထ.က (၂)၊ အ.ထ.က (၃)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က (၆)၊ အ.ထ.က (ရေဝေ)၊ အ.ထ.က (တောမ)၊ အ.ထ.က (အလည်ရွာ) စာစစ်ဌာန ၉ ခု ဖွင့်လှစ်ထားရှိပြီး ကျောင်းတွင်းဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ (၃၃၄၂) ဦး၊ ပြင်ပဖြေဆိုသူ (၃၈၃) ဦး၊ စုစုပေါင်း (၃၇၂၅) ဦး ရှိသည်။ အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မလိုလားအပ်သောကိစ္စရပ်များ မဖြစ်ပေါ်စေရေး၊ မသမာသောကိစ္စရပ်များမဖြစ်ပေါ်စေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ အဆင်ပြေစေရန် သက်ဆိုင်ရာတာဝန်ရှိသူများ ဦးဆောင်၍ လုံခြုံရေးကြီးကြပ်ရေးအဖွဲ့များဝင်က စာစစ်ဌာန အသီးသီး ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းသာ