ကျောက်ဆည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ စတင်ဖြေဆို

ကျောက်ဆည် မတ် ၁၇

မန္တလေးဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇) ရက် နံနက် (၉) နာရီက စာဖြေဌာန (၄) ခုတွင် စတင်ကျင်းပလျက်ရှိရာ ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာ စတင်ဖြေဆိုခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ၂၀၂၅ ခု ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား/ ကျောင်းသူများ အဆင်ပြေချောမွေ့စွာနှင့်အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ မင်းစုအခြေခံပညာအထက်တန်းကျောင်း၊ သံရွာအခြေခံပညာအထက်တန်းကျောင်းများတွင် စာဖြေဌာနများ ဆောင်ရွက်ပေးထားပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၃၆၄) ဦး၊ ကျောင်းသူ (၄၁၁) ဦး၊ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၁၄၃) ဦး၊ ကျောင်းသူ (၁၉၉) ဦး၊ မင်းစုအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၆၉) ဦး၊ ကျောင်းသူ (၁၀၇) ဦး၊ သံရွာအခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသား (၉၈၇) ဦး၊ ကျောင်းသူ (၁၂၄) ဦး စုစုပေါင်း (၁၅၀၄) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာနှင့်စည်းကမ်းတကျဖြေဆိုနိုင်ရေး ကျောက်ဆည်ခရိုင် စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ စာဖြေခန်းများ လေဝင်လေထွက်နှင့် အလင်းရောင်လုံလောက်စွာရရှိရေးနှင့်  စာဖြေခုံများ၊ စာမေးပွဲခန်း သုံးနာရီများ၊ လျှပ်စစ်မီးများ၊ သောက်သုံးရေများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံစွာ ဆောင်ရွက်ပေးထားပြီး  မီးဘေးလုံခြုံရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ဘက်စုံလုံခြုံရေးများလည်း  စနစ်တကျဆောင်ရွက်ထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)