နေပြည်တော် မတ် ၁၇
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်တို့သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁၄)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်ပြီး ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူများဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးရာတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက စာမေးပွဲအခန်းတာဝန်ကျကြီးကြပ်ရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အထောက်အကူပြုအဖွဲ့များအား ကျောင်းသား/ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို ဖြေဆိုနိုင်ရေးအတွက်လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲကို စာမေးပွဲစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ အောင်မြင်အောင်ကျင်းပနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များသည် ဒက္ခိဏသီရိမြို့နယ်၊ အမှတ်(၁၈)အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနသို့သွားရောက်၍ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)