လိပ်သို မတ် ၁၇
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်များ၊ ကျောင်းသား/ ကျောင်းသူများ စာဖတ်သည့်အလေ့အကျင့်များ ရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသော “ဒေးလ်ကာနက်ဂျီ၏ ပျော်ရွှင်အောင်မြင် ဘဝနှင့်လုပ်ငန်းခွင်” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် တစ်ဦးနှင့်တစ်ဦး အတွေးအခေါ်အယူအဆများကို နှီးနှောဖလှယ်နိုင်ခြင်း၊ ကျောင်းသားလူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝဖို့ စာအုပ်စာပေများကို အစဉ်တစိုက်လေ့လာဖတ်ရှုမှတ်သားဖို့ လိုအပ်ကြောင်းနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ စာဖတ်ဝိုင်းပြုလုပ်ရာ Book Club အဖွဲ့ဝင် စောအောင်ကိုဦးက “လူအများနှင့် ဆက်ဆံရေးတွင် အရေးအကြီးဆုံးလျှို့ဝှက်ချက်” ခေါင်းစဉ်အောက်မှ “လူအများစုလိုချင်မက်မောကြသော ဆန္ဒများမှာ ကျန်းမာရေးနှင့် ဘဝလုံခြုံရေး၊ အစား အစာ၊ အိပ်စက်နားနေမှု၊ ငွေနှင့်ငွေဖြင့် ဝယ်ယူနိုင်သောပစ္စည်းများ၊ အနာဂတ်ဘဝကောင်းမွန်ရေး၊ သားသမီးများကောင်းစားရေး၊ အရေးပါအရာရောက်သည့် ခံစားချက် စသည့်ဆန္ဒများပင်ဖြစ်ကြောင်း၊ သင့်ဘဝအောင်မြင် ပျော်ရွှင်အောင် လုပ်ဆောင်နိုင်မည့် ဖုံးကွယ်နေသည့် အဖိုးတန်အရည် အချင်းများ သင့်မှာရှိပြီးသား ဖြစ်သောကြောင့် သင်လုပ်ဆောင်ဖို့လိုတာက အဲဒီအရည်အချင်းတွေကို ဖော်ထုတ်ပြီး အသုံးချမယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက် ရှိဖို့ပဲဖြစ်ကြောင်း” စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ရာ Book Club အဖွဲ့ဝင်များက မိမိတို့၏ အတွေးအမြင်၊ အယူအဆ၊ ခံယူချက် စိတ်ထားများကို အချင်းချင်း အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာရေးဆရာ ဇေရတု (မြန်မာပြန်) ရေးသားသော “ဒေးလ်ကာနက်ဂျီ၏ ပျော်ရွှင်အောင်မြင်ဘဝနှင့်လုပ်ငန်းခွင်” စာအုပ်အား ဖတ်ရှုခြင်းဖြင့် အလုပ်နဲ့ဘဝကို ဟန်ချက်ညီညီ ရပ်တည်နိုင်ပြီး သင့်ကိုယ်ပိုင်အရည်အချင်းတွေကို အကောင်းဆုံးအသုံးချမည်ဆိုလျှင် ရည်မှန်းချက်များ အောင်မြင်နိုင်မှာဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ်