တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနများ အနီးဝန်းကျင် နေအိမ်များနှင့် အလုပ်ရုံများအား မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ကျောက်ပန်းတောင်း မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြစေရန်အတွက်၊ တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပမည့် စာစစ်ဌာနအနီးဝန်းကျင်ရှိ လူနေအိမ်များနှင့် အလုပ်ရုံများ မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေး ကွင်းဆင်းစစ်ဆေး ပညာ ပေးခြင်းများကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအနီး လွတ်လပ်ရေးရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမြို့နယ် မီးသတ်ဦးစီးအရာရှိ ဦးသန်းမြင့်နှင့် သန္ဓေ တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည်၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ကြစေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အမှတ်(၁)အ.ထ. က၊ ပုပ္ပားအ.ထ.ကနှင့် လက်ပန်ပျား အ.ထ.က စာစစ်ဌာနများနှင့် အနီးဝန်းကျင် နေအိမ်များနှင့် အလုပ်ရုံများအား မတ်လ(၁၂) ရက်နေ့မှ စတင်၍ ကွင်းဆင်းစစ်ဆေး၍ ပညာပေးခြင်းများ ဆောင်ရွက်နေခြင်းဖြစ်ပြီး၊ အဆိုပါ စာစစ်ဌာနများနှင့် အနီးဝန်းကျင်နေအိမ်များ၊ အလုပ်ရုံများတွင် စာမေးပွဲရာသီကာလအတွင်း မီးသုံးစွဲမှုကို ပိုမိုဂရူပြုကြရန်နှင့် မီးလောင်မှု မီးလန့်မှု မဖြစ်ပွားစေရေးအတွက်၊ မီးဘေးကာကွယ်ရေး လုပ်ငန်းများအား ကြိုတင်ဆောင်ရွက်ထားရှိခြင်း ရှိ/မရှိတို့ကို လိုက်လံစစ်ဆေး၍ လိုအပ်သည်များကို မြို့နယ်ဦးစီးအရာရှိက အသိပညာပေး ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)