ကျောက်ဆည်မြို့နယ်၌ နွေစပါးစိုက်အသင်းသားတောင်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများထောက်ပံ့

ကျောက်ဆည် မတ် ၁၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌  နွေစပါးစိုက်အသင်းသား တောင်သူများအား လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ ထောက်ပံ့ပေးအပ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် (၁၁)နာရီက အင်ဒိုင်းကျေးရွာ ကွင်းအမှတ် (၁၄၉)တွင် အင်ဒိုင်းစိုက်ပျိုးထုတ်လုပ်ရေး၊ ရွှေလေးစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း၊ ငှက္ကတောင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူများအား သွင်းအားစုပံ့ပိုးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သွင်းအားစုပံ့ပိုးပစ္စည်းပေးအပ်ပွဲတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဝင်းက ပံ့ပိုးပစ္စည်းချေးငွေ ရရှိရေး၊ တောင်သူများ၏ စိတ်ကြိုက်သွင်းအားစုပစ္စည်းများ အချိန်မီရရှိရေး ကုမ္ပဏီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် နွေစပါးသီးနှံများ အထွက်နှုန်းကောင်းမွန်ရေး စမ်းဝတီကုမ္ပဏီမှ ထုတ်လုပ်သော ဈေးနှုန်းသင့်အရည်အသွေး ပြည့်ဝသည့် စမ်းဝတီမြေဩဇာ များအကြောင်း ရှင်းလင်းမိတ်ဆက်ခဲ့သည်။

ထို့နောက် အင်ဒိုင်း၊ရွှေလေး၊ ငှက္ကတောင်ကျေးရွာများမှ နွေစပါးစိုက်ပျိုးသည့် အမဝါယမအသင်းသား တောင်သူ(၈၁)ဦး၏ လက်ဝယ်သို့ နွေစပါးတစ်ဧကငွေ (၂)သိန်းကျပ်နှင့် ညီမျှသော သွင်းအားစုပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင် (ပြန်/ဆက်)