မိတ္ထီလာ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နွေရာသီအားလပ်ရက်များ၌ ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေး အင်္ဂလိပ်စာနှင့်ပန်းချီရေးဆွဲနည်းသင်တန်းများကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အခမဲ့ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။
ကျောင်းသား၊ ကျောင်းသူများ နွေရာသီအားလပ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပါင်း၍ အင်္ဂလိပ်စာနှင့် ပန်းချီရေးဆွဲနည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အခြေခံပညာမူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသင်တန်းကို မတ်လ ၁၇ ရက်နေ့မှ ဧပြီလ ၅ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအပြင် နွေရာသီကျောင်းပိတ်ချိန် အားလပ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းတစ်ခုခုကို လေ့လာသင်ယူနိုင်စေရန်နှင့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်အတွက် လူငယ်ဖွံ့ဖြိုးရေးသင်တန်းများဖြစ်သည့် မြန်မာ့ရိုးရာသိုင်းသင်တန်း၊ မြန်မာ့ရိုးရာခြင်းလုံး အားကစားနည်းသင်တန်းများကို ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ မတ်လ ၁ ရက်နေ့မှ စတင်၍ အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)