ချမ်းအေးသာစံ မတ် ၁၄
မန္တလေးတိုင်းဒေသကြီး ၂၀၂၅ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရရှိသည့် ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများ၊ သာသနာပြုလူပုဂ္ဂိုလ်နှင့် သာသနာနုဂ္ဂဟ လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မဟာအတုလဝေယန်(အတုမရှိ)ကျောင်းတော်ကြီးတွင်ကျင်းပရာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် မဟာဓမ္မိကာရာမတိုက်၊ ရတနာဘုံကျောင်း ဆရာတော်အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒအမှူးပြု၍ ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်ဇနီး၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်ကိုထိုက်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြည်ညိုကြကြောင်း သိရသည်။
ရှေးဦးစွာနမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီးနောက်အနုပညာဦးစီးဌာနမှ တေးသံရှင်များက ဗုဒ္ဓရောင်ခြည်တော်ဖွင့် ထူးမခြားနားသီချင်းဖြင့် ပူဇော်သည်။
၎င်းနောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၊ တွဲဖက်အကျိုးတော်ဆောင် မဟာဓမ္မိကာရာမတိုက်၊ ရတနာဘုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသီဟနာဒထံက တက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များထံက ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထား၍ ဂုဏဝိသိဋ္ဌ မင်္ဂလာဧကပိုဒ်ရတုကို အနုပညာဦးစီးဌာနအဖွဲ့မှ တေးသံရှင်တစ်ဦးက ဂုဏ်ပြုဖတ်ကြားပူဇော်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီးတို့က ဆရာတော်ကြီးများထံ လှူဖွယ်ပစ္စည်းများနှင့်နဝကမ္မဝတ္ထုငွေများကို ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ် သာသနာ တော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိသည့် ဆရာတော်ကြီး (၃၅)ပါး၊ သီလရှင်ဆရာကြီး(၃)ပါးတို့အား ဘွဲတံဆိပ်တော်များကို ဆက်ကပ်လှူဒါန်းခြင်းနှင့် သာသနာနုဂ္ဂဟလူပုဂ္ဂိုလ်နှင့် သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်(၁၀)ဦးတို့အား ဘွဲ့တံဆိပ်အဆောင် အယောင်များ ချီးမြှင့်ခြင်းများကိုအစီအစဉ်အတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက မန္တလေးတိုင်းဒေသကြီးသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တတိက္ခိန္ဒြိယာ ဘိဝံသထံက အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်း၍ ပထမပိုင်းအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
၎င်းနောက် ဒုတိယပိုင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ တက်ရောက်လာကြသူများနှင့် အလှူရှင်များက ဘုရားအမှူးပြုသော ပင့်သံဃာတော် ဆရာတော်ကြီးများ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများနှင့်သီလရှင်ဆရာကြီးများအား ဆွမ်းဆန် စိမ်းများနှင့်နဝကမ္မဝတ္ထုငွေများ လောင်းလှူခဲ့ကြကြောင်း သိရှိရသည်။
ထွန်းထွန်းနိုင်