မြောက်ဥက္ကလာပ မတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ မြောက်ဥက္ကလာပမြို့နယ် ကျန်းမာရေးလူစွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးဒေါ်နွယ်နီစိုးက အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြ၀င်းက မိမိတို့ဦးစီးဌာနမှ လူငယ်၊ လူရွယ်များ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ လူငယ်၊ လူရွယ်များ စာအုပ်စာပေများ ဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများ ကြွယ်၀ပြီးစဉ်းစားတွေးခေါ်မှု အသိဉာဏ်များပိုမိုရှင်သန်လာစေခြင်းနှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေခြင်းအကျိုးကျေးဇူးများရရှိစေခြင်း၊ တိုးတက်သော နိုင်ငံများမှ ပြည်သူများသည် စာအုပ်စာပေများကို နေ့စဉ်ဖတ်ရှုလေ့လာကြပါကြောင်း စသည့်အသိပညာဗဟုသုတများကို ရှင်းလင်းဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးအောင်နိုင်ဦးနှင့် မြန်မာ့လက်ရွေးစင်အားကစားသမားဟောင်း ဒေါ်၀င်း၀င်းမော်တို့က အားကစားပညာနှင့်ပတ်သက်၍ လူငယ်၊ လူရွယ်များအနေဖြင့် အားကစားနည်းတစ်ခုခုကို အမြဲပြုလုပ်စေလိုကြောင်း၊ အားကစားသည် လူ့သားတိုင်းအတွက်အရေးပါကြောင်း၊ အားကစားနှင့်လူငယ်များအကြောင်း အသိပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ စသည့်သိမှတ်ဖွယ်ရာတို့ကို အကျယ်တ၀င့် ရှင်းလင်းပြောကြားပေးခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ် ဗီနိုင်း၊ ပိုစတာများ၊ သုတ၊ ရသ စာအုပ်စာစောင်များအား သူနာပြုသင်တန်းကျောင်းမှ သင်တန်းသား၊ သင်တန်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)