ဘားအံ မတ် ၁၁
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (ဘားအံ)၊ ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းနှင့် ပန်းချီပညာရှင်များ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံကွန်ပျူတာသင်တန်း၊ အခြေခံအင်္ဂလိပ်စာ (Grammar) သင်တန်းနှင့် အခြေခံပန်းချီသင်တန်းတို့တွင် သင်တန်းသား၊ သင်တန်းသူ ၁၃၅ ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
သင်တန်းများဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ခြင်း၏ အခြေခံအချက်သည်ပညာတတ်ပေါကြွယ်ဝခြင်းဖြစ်ပြီး အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ်ကောင်းများ မဖြစ်မနေ လိုအပ်သည့် အတွက်ကြောင့် ယခုကဲ့သို့ လူငယ်လူရွယ်များ၏ အသိဉာဏ်မြင့်မားစေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သင်ကြားပို့ချပေးသည့် ပညာရပ်များကို အခြေခံတတ်မြောက်ခြင်းမှသည် ကျွမ်းကျင်အသုံးပြုနိုင်သည်အထိ လေ့လာမှတ်သားရယူစေချင်ပြီး ပညာရေးနယ်ပယ်၊ လုပ်ငန်းခွင်နယ်ပယ်များတွင် အထိုက်အလျောက် အထောက်အကူဖြစ်စေနိုင်သည့်အတွက်ကြောင့် ကြိုးကြိုးစားစား လေ့လာသင်ယူကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်က သင်တန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်း(၃)မျိုး၊ ရက်ပေါင်း(၂၀)အတွက် ငွေကျပ် သိန်း(၄၀)ကျပ်ကို ပြည်နယ်ညွှန်ကြားရေးမှူးထံ ချီးမြှင့်ပေးအပ်ကာ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့ သွားကြစို့ သီချင်းဖြင့် ကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားပြီး ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရွေ့လျားမော်တော်ယာဉ်စာကြည့်တိုက်၊ သင်တန်းခန်းမများအတွင်း အခြေခံ (Grammar) သင်တန်း၊ အခြေခံကွန်ပျူတာ၊ အခြေခံပန်းချီသင်တန်းများ သင်ကြားပို့ချပေးနေမှုများကို ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)