ရန်ကင်း မတ် ၁၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်ကစ၍ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ထိုသို့သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာ မောင်မြတ်နိုး (ရန်ကင်း) က သင်တန်းတွင် ကာတွန်းပုံရေးဆွဲသည့် မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မတ်မျဉ်း၊ စက်ဝိုင်းပုံ၊ တြိဂံပုံ စသည့်တို့ဖြင့် အခြေခံတည်ဆောက်ရေးဆွဲမည့် အကြောင်းအရာများနှင့်ပတ်သက်၍ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့သည်။
ကာတွန်းရေးဆွဲနည်းအခြေခံသင်တန်းသို့ ရန်ကင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူမှား၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၆၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၀ ရက်နေ့မှ မတ်လ ၁၆ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီခွဲအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)