ကျောက်ဆည်မြို့နယ်တွင် သံပုယိုသီးဈေးနှုန်း မြင့်တက်လာမှုကြောင့် အောင်မြင်ဖြစ်ထွန်းသည့် စိုက်ခင်းပိုင်ရှင်များ အဆင်ပြေ

ကျောက်ဆည် မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် သံပုယိုသီးဈေးနှုန်းမြင့်တက်လာမှုကြောင့် သံပုယိုစိုက်ခင်းပိုင်ရှင်များ လူမှုစီးပွားဘဝများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

သံပုယိုသီးနှံသည် လူလုပ်သားများစွာ စိုက်ထုတ်အသုံးပြုရသည့် သီးနှံမဟုတ်ကြောင်းနှင့် နှစ်ရှည်သီးနှံ ဖြစ်ပြီး မြေနုနှုန်းမြေများတွင် ကောင်းစွာဖြစ်ထွန်းကြောင်းနှင့် အစိုဓာတ်မပြတ် ရေသွင်းပေးရပြီး၊ လိုအပ်သည့်အချိန်တွင် အသီး၊ အပွင့်၊ အပင်အားဆေးများ၊ ပိုးမွှားကာကွယ်နှိမ်နင်းဆေးများ ဖျန်းပေးခြင်း၊ အာမိုမြေဩဇာနှင့် ပုလဲမြေဩဇာများ ရောစပ်၍ ချိန်ဆကျွေးခြင်းများ ပြုလုပ်ပေးခြင်း၊ လေဝင်လေထွက်ကောင်းမွန်စေရန် ပေါင်းမြက်များ ရှင်းလင်းခြင်း၊ ကိုင်ခြောက်များအား ခုတ်ထွင်ဖယ်ရှားခြင်းများ ပြုလုပ်ပေးပါက နွေ၊ မိုး၊ ဆောင်း ရာသီအားလုံးတွင် ခူးဆွတ်ရောင်းချကြောင်း၊ ရောင်းဈေးအနေနှင့် သီးလုံးသန့်ရှင်းမှု၊ အရောင်အဆင်းတောက်ပမှုနှင့် အကြီးအသေးအပေါ် မူတည်ပြီး (၃)တင်းဝင် အိတ်(၁)အိတ်အား ငွေကျပ်(၈၀၀၀၀)မှ (၁၀၀၀၀၀)ကျပ်အထိ ရောင်းချရကြောင်း တောတွင်ကျေးရွာမှ သံပုယိုစိုက်တောင်သူ ဦးစိုးညွှန့်က ပြောပြသည်။

သံပုယိုပင်စိုက်ပျိုးရာတွင် ပျိုးပင်စိုက်ပျိုးခြင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းဟူ၍ အမျိုးမျိုးရှိကြောင်း၊ ကိုင်းကူးစိုက်ပျိုးခြင်းသည် တစ်နှစ်အကြာတွင် အပွင့်အသီးများ စတင်သီးပွင့်ကြောင်း၊ ပျိုးပင်စိုက်ပျိုးခြင်းသည် သုံးနှစ်နီးပါးကြာမှ အပွင့်အသီးများ စတင်သီးပွင့်ကြောင်းနှင့် ပျိုးပင်စိုက်ပျိုးခြင်းသည့် အပင်သေပျောက်မှုနည်းပါးပြီး ကိုင်းကူးစိုက်ပျိုးခြင်းသည့် ဂရုစိုက်မှု နည်းပါးပါက အပင်အသေအပျောက်မှုများရှိကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)