ကျောက်ပန်းတောင်း မတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ စာမေးပွဲရာသီကာလ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် မြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ လူနေအိမ်များ၊ ကုန်ပစ္စည်း အရောင်းဆိုင်များ၊ စားသောက်ဆိုင်များနှင့် စတိုးဆိုင်များအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိရာ မတ်လ (၉) ရက်နေ့ ညနေ (၃) နာရီက လွတ်လပ်ရေးရပ်ကွက်တွင် လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်း ဦးဆောင်၍ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး/ ဆယ်အိမ်မှူးများ လိုက်ပါလျက်၊ ရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ကုန်စုံအရောင်းဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင်များတွင် မီးဘေးလုံခြုံရေး ဆောင်ရွက်ထားခြင်း ရှိ/ မရှိနှင့် မီးလောင် လွယ်သည့် လောင်စာဆီများ သိုလှောင်သိမ်းဆည်းထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပြီး၊ မီးလောင်မှု၊ မီးလန့်မှုမဖြစ်စေရေးအတွက် ထင်းမီးဖိုသုံးစွဲသူများအနေဖြင့် မီးကြွင်း၊ မီးကျန်များ သတိပြုငြှိမ်းသတ်ရေး၊ လျှပ်စစ်မီးဖိုနှင့် ချက်ပြုသူများအနေဖြင့်လည်း မီး ကြိုးများ၊ မိန်းခုံ၊ ပလပ်ခုံများကြံ့ခိုင်မှုရှိရေးနှင့် ကြပ်ခိုးနှင့် မီးလောင်လွယ်သည့် အမှိုက်သရိုက်များ ရှင်းလင်းဖယ်ရှားရေးတို့ကို လွတ်လပ် ရေး ရပ်ကွက်အတွင်းရှိ လူနေအိမ် ၁၂၀ ခန့် အိမ်ထောင်စု ၁၅၇ စုမှ အိမ်ထောင်ဦးစီးများနှင့် ဈေးဆိုင်များ၊ စတိုးဆိုင်များ၊ စားသောက်ဆိုင် ပိုင်ရှင်များကို အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)