အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)တွင် သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း)၏ သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာလက်မှတ် အပ်နှင်းသည့် အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက၊ အဆိုပါကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် မောင်မယ်များအား ဒီပလိုမာလက်မှတ် အပ်နှင်းခြင်းဖြစ်ပြီး၊ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါက်တာ ရီရီမွန်က ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပကြောင်း ကြေညာ၍ ဒီပလိုမာလက်မှတ်ရယူမည့် ကျောင်းသား၊ ကျောင်းသူများအား ကတိကဝတ်ပြုစေပြီး၊ ဒီပလိုမာအောင်လက်မှတ် တက်ရောက်ရယူသည့် မေဂျာအသီးသီးမှ ကျောင်းသား ၄၁ ဦး၊ ကျောင်းသူ ၃၄ ဦး စုစုပေါင်း (၇၅)ဦးတို့အား ဒီပလိုမာ လက်မှတ်များကို ပေးအပ်သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဒေါက်တာ ရီရီမွန်က မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ ဒီပလိုမာ အောင်လက်မှတ်များကို အဝေးရောက်ရယူမည့်သူ ကျား ၂၀ ဦး ၊ မ ၁၇ ဦး ပေါင်း(၃၇)ဦး ရှိကြောင်း သိရပြီး၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် အောင်လက်မှတ်ရရှိသူ စုစုပေါင်း မှာ ကျား ၆၁ ဦး၊ မ ၅၁ ဦး စုစုပေါင်း ၁၁၂ ဦးဖြစ်ကြောင်း သိရသည်။

သတ္တမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ပန်းတောင်း) ကျောင်းအုပ်ကြီး ဒေါက်တာ ရီရီမွန်၊ ဒုတိယကျောင်းအုပ်ကြီး ဦးဟန်ဝင်းအောင်နှင့် ဌာနမှူးများ၊ သင်ကြားရေး ဆရာ/ဆရာမများနှင့် အောင်လက်မှတ်ရယူကြသည့် ကျောင်းသား/ကျောင်းသူများ၊ ၎င်းတို့၏ မိဘများ စုစုပေါင်း (၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)