ချမ်းအေးသာစံ မတ် ၁၀
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး မတ်လ (၉) ရက်နေ့ မွန်းလွဲပိုင်းက ပြင်ဦးလွင်မြို့ သုမင်္ဂလာဈေး (ညံတောဈေး) ခြောက်ထပ်အဆင့်မြင့်ဈေးသစ် တည်ဆောက်ရေးစီမံကိန်းသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ထိုသို့ သွားရောက်ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား တာဝန်ရှိသူများက ဈေးကြီး အတွက် လျှပ်စစ်ဓာတ်အားလုပ်ငန်းများဆောင်ရွက် ရန်စီစဉ်နေမှု၊ LED Board တပ်ဆင်သွားမည့်အစီအစဉ်များ၊ အဆောက်အဦ အပြင်နှင့်အတွင်း အလှဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားရန် စီစဉ်နေမှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့်ပြီးမြောက်ရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အလေးထားကာ ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားပြီးနောက် ရှင်းလင်း တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တည်ဆောက်ရေး လုပ်ငန်းများပြီးစီးမှု အခြေအနေများနှင့် ဈေးကြီးမှထွက်ရှိမည့် စွန့်ပစ်ရေထွက်ကြောင်းများအတွက် လမ်းဖြတ်ရေမြောင်း တည်ဆောက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုခဲ့သည်။
၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ်သို့ ရောက်ရှိပြီး ကန်တော်ကြီးဥယျာဉ် ၏ ခြံစည်းရိုးများအား စနစ်တကျပြန်လည်ကာရံဆောင်ရွက်နေမှု၊ ကန်အမှတ် (၃) ရှိ သစ်သားတံတားအား ပျဉ်းကတိုးသစ်မာများဖြင့် သင်္ကြန်မတိုင်မီအပြီး ပြန်လည် ပြင်ဆင်ခင်းကျင်းနေမှု၊ ဥယျာဉ်အတွင်းရှိ ဂင်ဂိုပင် (ကမ္ဘာဦးပင်) ပတ်လည်တွင် မြေယာရှုခင်းအလှနှင့် လျှောက်လမ်းဆောင်ရွက်ပြီးစီးမှုတို့ကို လိုက်လံကြည့်ရှုပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်