ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူး တာဝန်ထမ်းဆောင်မည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ ကျင်းပ

မဟာအောင်မြေ မတ် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် အမှတ် (၁၆) အ.ထ.ကကျောင်း ပညာရတနာခန်းမ၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ကြီးကြပ်ရေးမှူး တာဝန်ထမ်း ဆောင်မည့် ဆရာ၊ ဆရာမများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း၊ အ.ထ.က (၁၆) ကျောင်းအုပ်ဆရာကြီး Dr ဦးသန်းထိုက်စိုး၊ တိုင်းဒေသကြီးအတွင်းမှ စာမေးပွဲကြီးကြပ်ရေးမှူး ၈၉ ဦး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်ကြီးများ၊ ပညာရေးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ တက်ရောကြပြီး မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကား ပြောကြားရာတွင် ယခင်နှစ် ၂၀၂၄-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ စာဖြေဌာန (၇၄) ခု ဖွင့်လှစ်ခဲ့ပြီး ဖြေဆိုသူပေါင်း (၁၉၉၄၇)ဦး ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေနဲ့ ၂၀၂၄-ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ- ၆ ဘာသာဂုဏ်ထူးရှင် (၁၂၁) ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် (၂၁၃) ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် (၂၄၇) ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် (၂၇၁) ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် (၄၄၉) ဦး၊ ၁ ဘာသာဂုဏ်ထူးရှင်(၁၁၆၁)ဦး၊ စုစုပေါင်း ဂုဏ်ထူးရှင် (၂၄၆၂) ဦးနှင့် ရိုးရိုးအောင် (၈၅၆၃) ဦး၊ ရှိခဲ့ပြီး အဲဒီစာမေးပွဲမှာ နိုင်ငံတော်အဆင့် Top Ten စာရင်းဝင် သိပ္ပံတွဲ (၂) ဦး ဝိဇ္ဇာတွဲ (၁) ဦး စုစုပေါင်း Top Ten (၃) ဦးနဲ့ မန္တလေးတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ မဟာအောင်မြေခရိုင်၊ အောင်မြေသာစံခရိုင်၊ အမရပူရခရိုင်တို့မှာရှိတဲ့ (၆) ဘာသာဂုဏ်ထူးရှင် (၂၉)ဦး၊ (၅) ဘာသာ ဂုဏ်ထူးရှင် (၆၄)ဦး စုစုပေါင်း ဂုဏ်ထူးရှင် (၉၃) ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုချီးမြှင့်ခဲ့ ကြောင်း၊ မြန်မာတစ်နိုင်ငံလုံး အောင်ချက်ရာခိုင်နှုန်းမှာ ၅၇.၉၀% ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးရဲ့ အောင်ချက်ရာခိုင်နှုန်းကတော့ ၆၃.၈၅% ဖြစ်တဲ့အတွက် မန္တလေး တိုင်းဒေသကြီးဟာ ယခင်နှစ်ရဲ့ ပြည်နယ်/ တိုင်းဒေသကြီးအလိုက် အောင်ချက်ရပ်တည်မှုမှာ တစ်နိုင်ငံလုံးရဲ့ တတိယအဆင့်မှာ ဆက်လက်ရပ်တည်နိုင်ခဲ့ကြောင်း ယခုနှစ်မှာလည်းအောင်ချက် မြင့်မားနိုင်မည်ဟု မျှော်လင့်ကြောင်း စသည်များ ပြောကြားပြီးနောက် ဒုတိယညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခြင်း၊ အ.ထ.က (၁၄) ကျောင်းအုပ်ဆရာမကြီး ဒေါ်ချောစုလွင်က တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ ပြင်ဆင်ထားရှိမှုများအား တင်ပြခဲ့ပြီး တက်ရောက်လာသော ဆရာ၊ဆရာမများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

၂၀၂၅ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မန္တလေးတိုင်းဒေသကြီးအနေဖြင့် သက်ဆိုင်ရာအခြေခံပညာရေးကျောင်းများ၌ စာစစ်ဌာန (၈၉) ခုဖြင့် အေးချမ်းစွာ ဖြေဆိုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

အောင်ဇော်မင်း