ဘားအံ မတ် ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ကရင်ပြည်နယ်ဥပဒေချုပ်ရုံးက ဖွင့်လှစ်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းဖွင့်ပွဲကို မတ်လ ၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ပြည်နယ်အဆင့်ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံတော်ရှိ ပြဋ္ဌာန်းပြီးတည်ဆဲဥပဒေများအနက် နိုင်ငံတော်၏ အခြေခံဥပဒေဖြစ်သော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် သိသင့်သိထိုင်သော ဥပဒေပြဋ္ဌာန်းချက်များကို သိရှိပြီး မိမိဌာနရှိ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အရာထမ်း၊ အမှုထမ်းများအား လိုက်နာကျင့်သုံးနိုင်စေရန် ဥပဒေအသိပညာပြန့်ပွားရေး ဆက်လက်ဆောင်ရွက်သွားနိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချလိုက်သည့် ဥပဒေအသိပညာများကို သိရှိလိုက်နာခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုအပ်သည့် လူသားအရင်းအမြစ်ကောင်းများ ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ဥပဒေကို လေးစားလိုက်နာတတ်သည့် အလေ့အကျင့်ကောင်းများ တိုးတက်လာပြီး ဥပဒေစည်းကမ်းများကိုကောင်းစွာလိုက်နာ ကျင့်သုံးနေထိုင်သည့် လူမှုအဖွဲ့အစည်းဖြစ်ထွန်းရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ ဌာန (၆၈) ဌာနမှ ဦးစီးအရာရှိနှင့်အထက် အရာထမ်းသင်တန်းသားဦးရေ (၁၂၂) ဦး တက်ရောက်ကြပြီး ဥပဒေရေးရာဝန်ကြီးဌာနမှရေးဆွဲထားသော သင်ရိုးညွှန်းတမ်းနှင့်အညီ ဥပဒေဘာသာရပ် (၇) မျိုးကို ကရင်ပြည်နယ်ဥပဒေချုပ်ရုံးမှ ဥပဒေအရာရှိ (၇) ဦးက မတ်လ ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ သင်တန်းချိန် (၁၃) ချိန်ဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ် ဝန်ကြီးချုပ်က သင်တန်းအတွက်ငွေကျပ် ၂၁၆၁၀၀ဝိ/- (နှစ်ဆယ့်တစ်သိန်း ခြောက်သောင်း တစ်ထောင်ကျပ်) ကို ချီးမြှင့်ပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း ကရင်ပြည်နယ် ဓမ္မစကူးလ်ကော်မတီတို့ ကြီးမှူးကျင်းပသည့် ဒုတိယအကြိမ် သုတဓမ္မဝေဖြာ ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲ ဆုချီးမြှင့်သည့် အခမ်းအနားကို မတ်လ ၉ ရက်နေ့ နံနက် ၁၁ နာရီခွဲက ဘားအံမြို့၊ သရက်တောကျောင်းတိုက်၌ ကျင်းပရာ ကရင်ပြည်နယ်ဓမ္မစကူးလ်ကော်မတီနာယက နိုင်ငံတော်သံဃမဟာနာယကခေမာရာမကျောင်းဆရာတော် အဂ္ဂမဟာ ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တသောပါက အမှူးပြုသောဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ဖူးမြော်ကြည်ညိုကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည် ကရင်ပြည်နယ်ဓမ္မစကူးလ် ကော်မတီနာယက နိုင်ငံတော်သံဃမဟာနာယကခေမာရာမကျောင်းဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသောပါကထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဓမ္မစကူးလ်ကော်မတီနာယက လမင်းပရိယတ္တိစာသင်တိုက်ဆရာတော် ဘဒ္ဒန္တကေသရိန္ဒထံမှ ဩဝါဒကထာကိုနာယူကြည်ညိုကြကာ ပြည် နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ သရက်တောကျောင်း တိုက်ဆရာတော်ဘဒ္ဒန္တဂမ္ဘီရဗောဓိက ဒုတိယအကြိမ် သုတဓမ္မဝေဖြာ ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲနှင့် ပတ်သက်၍ မိန့်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ဒုတိယအကြိမ်သုတဓမ္မဝေဖြာဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲ ဆုချီးမြှင့်ပွဲအတွက် ငွေကျပ် (၆၃) သိန်းကို ပြည်နယ်ဓမ္မစကူးလ်ကော်မတီ ဘဏ္ဍာရေးမှူးထံ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဒုတိယအကြိမ် သုတဓမ္မဝေဖြာ ဗုဒ္ဓဘာသာသင်ခန်းစာ ဓမ္မစကူးလ်စာမေးပွဲတွင် အတန်းစဉ်အလိုက် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)