လှိုင်းဘွဲမြို့နယ် ထားသိမ်းကျေးရွာ၌ မီးခိုးမြူငွေ့အန္တရာယ်အကြောင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်

လှိုင်းဘွဲ မတ် ၈

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည်သူများ မီးခိုးမြူငွေ့အန္တရာယ်အကြောင်းသိရှိစေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး သိရှိနိုင်စေရန်အတွက် အသိပညာပေးဆောင်ရွက်ခြင်းကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က ထားသိမ်ကျေးရွာ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး တင်ထွန်းဝင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ထားသိမ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ထားသိမ်ကြိုးဝိုင်းအနီးပတ်ဝန်းကျင်၌ တောမီးလောင်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက မီးခိုးမြူငွေ့အန္တရာယ်အကြောင်း၊ တောမီးလောင်မှုကြောင့် သစ်တော၊ သစ်ပင်များဖြုန်းတီးခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း၊ စက်မှုဖွံ့ဖြိုးတိုးတက်သော နိုင်ငံများမှ မီးခိုးမြူငွေ့အန္တရာယ် ကြုံတွေ့နေရခြင်းနှင့် သစ်တောဥပဒေဆိုင်ရာများကို အသိပညာပေးပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးသီဟမြင့်ဆွေက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ အရေးပေါ်ဆောင်ရွက်ရမည့်အချက်များကို အသိပညာပေး ပြောကြားခဲ့သည်။

ထို့နောက် ဒေသခံပြည်သူများက တောမီးလောင်မှုအကြောင်း၊ ကြိုတင်ကာကွယ်ခြင်းနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရှိရသည်။

စောဒိ( ပြန်/ဆက်)