ချမ်းမြသာစည်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင်  မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့်  ရှေးဦးမီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်

ချမ်းမြသာစည် မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ဖြစ်ပွားမှု မရှိစေရေးအတွက် မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး‌ဟောပြောခြင်းနှင့် ရှေးဦး မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြမှုများအား ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင်  ချမ်းမြသာစည်မြို့နယ် မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးက ဝန်ထမ်းများ အနေဖြင့် မီး‌ဘေးအန္တရာယ်‌ကြောင့် အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးထိခိုက်မှုများမရှိစေရေး သတိပြုဆောင်ရွက်ကြရန်၊ မီးချိတ်၊ မီးကပ်များနှင့် သဲအိတ်များထားရှိကြရန်၊ ဝါယာကြိုးများ ပေါက်ပြဲဆွေးမြေ့နေပါက အသစ်လဲလှယ်ခြင်းများပြုလုပ်ကြရန်၊ မိန်းတင်မိန်းချ‌ခလုတ်များ သေချာစွာစစ်‌ဆေးခြင်းများ ပြုလုပ်ကြရန်နှင့် မီးဘေးအန္တရာယ်‌ကြောင့် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် မီးသတ်ဆေးဘူး အသုံးပြုနည်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြသည်။ ဆက်လက်ပြီး ဝန်ထမ်းများနှင့် မိသားစုဝင်များအား မီးဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြခြင်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့