နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မူပိုင်ခွင့်ဆိုင်ရာများနှင့်နည်းပညာနှင့်တီထွင်ဆန်းသစ်မှု အထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောက်ဆည် မတ် ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) အောင်ဆန်းခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီက မူပိုင်ခွင့်ဆိုင်ရာနှင့် တီထွင်ဆန်းသစ်မှု အထောက်အကူပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်နိုင်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က မြန်မာနိုင်ငံတွင်မူပိုင်ခွင့်စနစ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာလုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် မူပိုင်ခွင့်အသိပညာများ၊ မူပိုင်ခွင့်အကျိုးကျေးဇူးများနှင့် သက်ဆိုင်ရာကဏ္ဍများအား မူပိုင်ခွင့်အသိပညာ ဖြန့်ဝေပေးလျက်ရှိရာ တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများလည်းပါဝင်ကြောင်း၊ တက္ကသိုလ်များနှင့်ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တက္ကသိုလ်များ၊ သုတေသနဌာနများမှ တီထွင်ဖန်တီးမှုများကို ဖော်ထုတ်နိုင်မည့်အပြင် နည်းပညာများ လွှဲပြောင်းရယူနိုင်မည်ဖြစ်ပြီး အသစ်အသစ်သောတီထွင်ဖန်တီးမှုများ ပေါ်ထွက်လာနိုင်မည်ဖြစ်ကြောင်း၊ မူပိုင်ခွင့်ဥပဒေ (၄) ရပ်ဖြစ်သည့် ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ တီထွင်မှုမှုပိုင်ခွင့်ဥပဒေနှင့် စာပေနှင့်အနုပညာမူပိုင်ခွင့်ဥပဒေတို့ကို ၂၀၁၉ ခုနှစ်က အတည်ပြုပြဌာန်းခဲ့ပြီး အာဏာသက်ဝင်နိုင်ခဲ့ပြီဖြစ်၍ မူပိုင်ခွင့် လျှောက်ထားခြင်းများကို လက်ခံဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာပေါ်ရှိ နိုင်ငံအများစုတွင် တီထွင်မှု နည်းပညာများ အားကောင်းသော နိုင်ငံများသည် ရှေ့တန်းမှဦးဆောင်သောနိုင်ငံများအဖြစ် ရပ်တည်လျက်ရှိရာ တီထွင်မှုများနှင့်ဆက်စပ်လျက်ရှိသော တက္ကသိုလ်၊ ကောလိပ်၊ သုတေသနဌာနများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွန်စွာအရးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ မူပိုင်ခွင့်စနစ်ဖော်ဆောင်ရာတွင် တီထွင်ဆန်းသစ်မှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံစီးပွားကိုအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း စသည့် မူပိုင်ခွင့်သိကောင်းစရာအကြာင်းများကို ရှင်းလင်းဟောပြောဆွေးနွေးခဲ့သည်။

ဆက်လက်ပြီး မူပိုင်ခွင့်ဦးစီးဌာနမှညွှန်ကြားရေးမှူးဦးလင်းအောင်ဆွေတို့က တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ သိကောင်းစရာများအကြောင်း ရှင်းလင်းဟောပြောဆွေးနွေးခဲ့ရာ အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည့်များကို ပြန်လည်မေးမြန်းခဲ့ကြောင်းနှင့် အခမ်း အနားအပြီးတွင် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူများ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)မှ ပါမောက္ခချုပ်နှင့်ဒုတိယပါမောက္ခချုပ်များ၊ ဆရာ/ ဆရာမများ၊ မဟာဘွဲ့တက်ရောက်နေသော ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)