လိပ်သိုဒေသတွင် တညင်းပင်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိနေပြီး အသီးတင်နှုန်း ကောင်းမွန်စေရန် မျှော်လင့်

လိပ်သို မတ်  ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသခံများအနေဖြင့် မိမိတို့၏ ဥယျာဉ်ခြံများတွင် ကော်ဖီ၊ ဖာလာ၊ တညင်းစသော နှစ်ရှည်သီးနှံပင် များကို စိုက်ပျိုးထားလျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သော တညင်းပင်များမှာ မိုးတစ်ကြိမ် ရွာသွန်းပြီးစတွင် အပွင့်များ ဝေဝေဆာဆာ ဖူးပွင့်လာလျက်ရှိကြောင်း သိရသည်။

ယခုနှစ်တွင် တညင်းသီးပေါ်ချိန် နီးကပ်လာသည်နှင့်အမျှ ဒေသတွင်းရှိ တညင်းပင်များတွင် တညင်းပွင့်များ လှိုင်လှိုင်ဖူးပွင့်လျက်ရှိနေကြောင်း၊ တညင်းပွင့်များ လှိုင်လှိုင်ဖူးပွင့်ချိန်တွင် မိုးတစ်ပြန် ထပ်မံရွာသွန်းလျှင် အသီးတင်ပြီး အသီးအထွက်နှုန်းလည်း ကောင်းမွန်ကြောင်း၊ တညင်းပင်များမှာ နှစ်ရှည်ဥယျာဉ်ခြံအပင်ဖြစ်သောကြောင့် မိုးရွာသွန်းမှသာလျှင် အသီးအထွက်နှုန်း ပိုမိုကောင်းမွန်ပြီး မိုးများပါက အပွင့်များကြွေကာ အသီးတင်နှုန်းလျော့နည်းကြောင်း တညင်းစိုက်တောင်သူတစ်ဦးထံမှ သိရသည်။

ယခင်နှစ်က တညင်းသီးပေါ်ချိန်တွင် လေးထောင့်ပုံး တစ်ပုံးလျှင် (၄၀၀၀ဝိ/-)ကျပ် မှ (၆၀၀၀ဝိ/-)ကျပ်အထိ ဈေးကောင်းရရှိခဲ့ရာ တညင်းပင်များအား ပြုပြင်ထိန်းသိမ်းခြင်း၊ ပေါင်းမြက်ရှင်းခြင်း၊ ပိုမိုတိုးချဲ့ စိုက်ပျိုးရန် ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး ယခုနှစ် တညင်းသီးပေါ်ချိန်တွင် ဈေးကောင်း ရရှိရန်လည်း မျှော်လင့်လျက်ရှိကြောင်း သိရသည်။                                                                 ခင်လေးနွယ်