မိတ္ထီလာမြို့လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာခြင်းအခြေခံသင်တန်းနှင့် မြန်မာ့သိုင်း အခြေခံသင်တန်းများစတင်ဖွင့်လှစ်သင်ကြား

မိတ္ထီလာ မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မိတ္ထီလာမြို့ လူထုအခြေပြုဗဟိုဌာန၌ မြန်မာ့ရိုးရာခြင်းအခြေခံသင်တန်းနှင့် မြန်မာ့သိုင်းအခြေခံသင်တန်းကို ယနေ့နံနက် ၈ နာရီအချိန်က စတင်ဖွင့်လှစ် သင်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းများအားနွေရာသီကျောင်းပိတ်ရက်ကာလ ကျောင်းသူကျောင်းသားများ အချိန်ကိုအကျိုးရှိစွာ အသုံးစေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်လာစေရန်ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး မြန်မာ့ရိုးရာခြင်းအခြေခံသင်တန်းတွင် သင်တန်း သားသင်တန်းသူ ၂၀ ဦး၊ မြန်မာ့သိုင်း အခြေခံသင်တန်းတွင်  သင်တန်းသားသင်တန်းသူ ၅၇   ဦး တက်ရောက်သင်ကြားလျက်ရှိသည်။ အလားတူ နွေရာသီကျောင်းပိတ်ရက်ကာလ သင်တန်းများဖြစ်သည့် အခြေခံပန်းချီသင်တန်း၊ ကဗျာရေးစပ်နည်းအခြေခံသင်တန်းနှင့် အခြေခံအင်္ဂလိပ်စာသင်တန်းများကို မတ်လ ၁၇ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားပေးသွားဖြစ်ကြောင်း  ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်ထံက သိရသည်။ အဆိုပါသင်တန်းများအား  အခမဲ့ဖွင့်လှစ်သင်တန်းကြားပေးခြင်းဖြစ်ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သက်ဆိုင်ရာအသင်း အဖွဲ့များနှင့် ပူးပေါင်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်းသိရသည်။

ချမ်းသာ