မြစ်သားမြို့နယ်တွင် (၃၈) မင်္ဂလာနှင့် ဗုဒ္ဓဝင်စာပေသင်တန်း အောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပ

မြစ်သား မတ် ၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ ဗုဒ္ဓဘာသာကလျာဏယုဝအသင်းခွဲ (YMBA) မင်္ဂလာနှင့်ဗုဒ္ဓဝင်ပြန့်ပွားရေးအသင်းမှ ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် (၃၈)ဖြာ မင်္ဂလာနှင့် ဗုဒ္ဓဝင်စာပေသင်တန်း အောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က ရှမ်းပွဲရပ်ကွက်အတွင်းရှိ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၏ နန်းအိမ်သူဓမ္မာဗိမာန်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများအမှူးပြုသော ဒကာ၊ ဒကာမအပေါင်းတို့က နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ကြပြီး မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် မြစ်သားမြို့နယ် မင်းကုန်းပရိယတ္တိစာသင်တိုက်၊ ပဓာနဆရာတော်ဘဒ္ဒန္တဃောသိတ (ဂန္ထဝါစကပဏ္ဍိတ) မထေရ်မှ သြဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။ ဆက်လက် ၍ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ပေါက်မြိုင်ကျောင်းဆရာတော် ဘဒ္ဒန္တစိတ္တရမထေရ်မှ ဩဝါဒကထာ မိန့်ကြားတော်မူခဲ့သည်။ ထို့နောက် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကာ (၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာပေသင်တန်း ဖြစ်မြောက်ရေး မြို့နယ်တာဝန်ခံဖြစ်သော မြစ်သားမြို့ မင်းကုန်းရပ်ကွက်ရှိ၊ မင်းကုန်းပရိယတ္တိ စာသင်တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဝင်၊ ဆရာတော်အရှင်ကေလာသမှ မင်္ဂလာနှင့် ဗုဒ္ဓဝင်သင်တန်းဆိုင်ရာ အကြောင်းအရာများကို မိန့်ကြားခဲ့ပြီး မင်းကုန်းပရိယတ္တိ စာသင်တိုက် ပဓာနနာယကဆရာတော်ကြီး ဘဒ္ဒန္တဃောသိတမှ သင်တန်းဖြစ်မြောက်ရေးအတွက် လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းများ အသီးသီးပေးအပ်ခဲ့သည်။ ထို့နောက် ကြွရောက်လာသော ရဟန်းသံဃာများနှင့် တက်ရောက်လာ သောတာဝန်ရှိသူများနှင့် အလှူရှင်များက ဂုဏ်ထူးအထူးအောင်သူများ၊ ဂုဏ်ထူးအောင်နှင့် ရိုးရိုးအောင်သူမျာအား ဂုဏ်ပြုဆုနှင့်စာအောင်လက်မှတ်တို့ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

(၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာပေသင်တန်းအောင်လက်မှတ်နှင့် စာအောင်ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဝင် မြစ်သားမြို့နယ် မင်းကုန်းပရိယတ္တိစာသင်တိုက် ပဓာနဆရာတော်ဘဒ္ဒန္တဃောသိတ၊ အကျိုးတော် ဆောင်ပေါက်မြိုင် ကျောင်းဆရာတော်ဘဒ္ဒန္တစိတ၊ (မြစ်သားမြို့နယ်သံဃနာယကအဖွဲ့ဝင်)နှင့် ကြွရောက်တော် မူလာကြကုန်သော ဆရာတော်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူးများနှင့် ဝန်ထမ်း၊ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊  လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လက်ထောက်လဝကမှူး ဦးရဲသက်နိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဒကာ၊ ဒကာမများ၊ (၃၈) ဖြာမင်္ဂလာနှင့် ဗုဒ္ဓဝင်စာပေသင်ယူသူ ကျောင်းသား / ကျောင်းသူများ စုစုပေါင်း ရဟန်းသံဃာ၊ လူပုဂ္ဂိုလ် ၃၂၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)