ကျောက်ဆည် မတ် ၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာရေးဦးစီးဌာနတို့ပူးပေါင်းပြီး ယမန်နေ့မွန်းလွဲ(၁)နာရီက အခြေခံပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှုစွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင်အချိန်ကို ကောင်းစွာအသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံပန်းချီရေးဆွဲနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးအေးလင်းက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အားလပ်ချိန်များတွင် ဝါသနာပါသည့် အကျိုးရှိရာ ပညာရပ်တစ်မျိုးမျိုး သင်ကြားသင်ယူသွားကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများမှ လည်း ဘက်စုံထူးချွန်များဖြစ်စေရေးကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေး ပညာရပ်များ သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပန်းချီဆရာ ဦးစိုးမြင့်ဒွဏ်းက ပန်ချီရေးဆွဲခြင်းများနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပန်းချီရေးဆွဲနည်းများ လက်တွေ့သင်ကြားပေးခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၄၅)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကို(၁)လအကြာ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာမှ သင်တန်းသား/သင်တန်းသူများပန်းချီရေးဆွဲရာတွင် ပိုမိုထိရောက်စေရေး သင်ထောက်ကူပစ္စည်းများ ပေးဝေခဲ့ကြောင်း သိရသည်။
သက်မောင်၊ ခရိုင်(ပြန်/ဆက်)