ဘားအံ မတ် ၂
ဒေသတွင်းစားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာတွင် တောင်သူလယ်သမားဦးကြီးများ၏စွမ်းဆောင်မှုကို ဂုဏ်ပြုမြှင့်တင်ပေးသောအားဖြင့် (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားကို မတ်လ ၂ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးသတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ တောင်သူလယ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ကရင်ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦးက ဖတ်ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြည်နယ်အတွင်း သီးနှံစိုက်စွမ်းအားထူးချွန်ဆု၊ မိုးစပါးသီးနှံ၊ အစေ့ထုတ်ပြောင်းသီးနှံ၊ မြေပဲ သီးနှံ၊ နှမ်းသီးနှံ၊ ပဲတီစိမ်းသီးနှံ၊ မတ်ပဲသီးနှံ၊ ပဲပုတ်သီးနှံ၊ ကြံသီးနှံနှင့် ဟင်းသီးဟင်းရွက်ထူးချွန်တောင်သူများ၊ နွားမွေးမြူရေး၊ ဥစားကြက်မွေးမြူရေး၊ အသားတိုးကြက်မွေးမြူရေး၊ အသားတိုးဝက်မွေးမြူရေး၊ ဆိတ်မွေးမြူရေး၊ ဘဲမွေးမြူရေးလုပ်ငန်းများတွင် မွေးမြူရေးထူးချွန်ဆုရရှိသူများ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြရာ စိုက်ပျိုးရေးထူးချွန်ဆုရရှိသူတစ်ဦးနှင့် မွေးမြူရေးထူးချွန်ဆုရရှိသူတစ်ဦးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထူးချွန်ဆုရတောင်သူလယ်သမားဦးကြီးများနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြပြီး တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ခင်းကျင်းပြသထားသော (၆၃)နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ထူးချွန်ဆုရရှိ သောစိုက်ပျိုးမွေးမြူရေးတောင်သူများ၏မှတ်တမ်းများ၊ ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ မြက်ဖြတ်စက်၊ အစာကြိတ်စက်နှင့် တိရစ္ဆာန်ထွက်ပစ္စည်းအရောင်းပြခန်း၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၏ ဒေသတွင်းတပ်ဆင်ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာပစ္စည်းများပြခန်း၊ သမဝါယမဦးစီးဌာန၏ ပြည်နယ်အတွင်း သမဝါယမအသင်းများ၏ ဆန်၊ ဆီ အစရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်ပြခန်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုဦးစီးဌာန၏ ဒေသတွင်းစိုက်ပျိုးရေရှိရေးလုပ်ငန်းဆောင်ရွက်မှုပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန၏ ဒေသတွင်းမွေးမြူထွက်ရှိသော ငါးနှင့်ရေထွက်ပစ္စည်းပြခန်း၊ စိုက်ပျိုးရေးဦးစီးဌာန၏ စိုက်ပျိုးရေးထုတ်ကုန်နှင့်သီးနှံပြခန်း၊ သဘာဝမြေဩ ဇာများထုတ်ကုန်ပြခန်း၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြေယာဆိုင်ရာတိုင်းတာမှုပြခန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ဒေသတွင်းစိုက်ပျိုးစရိတ်ချေးငွေနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးချေးငွေဆိုင်ရာအသိပညာပေးပြခန်း၊ စက်မှုလယ်ယာဦးစီးဌာန၏ လယ်ယာသုံးစက်ကိရိယာအရောင်းပြခန်း၊ Kubota Co.,Ltd၏ လယ်ယာသုံးစက်ကိရိယာ အရောင်းပြခန်းစသည်ဖြင့် ဒေသတွင်းစိုက်ပျိုးမွေးမြူရေးထုတ်ကုန်နှင့် အသေးစား၊ အငယ်စား၊ အလတ်စားစက်မှုလက်မှုပြခန်းများကို လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)