တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေး ကြိုတင်ကွင်းဆင်းစစ်ဆေး

ချမ်းအေးသာစံ မတ် ၂

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ (၁၇)ရက်နေ့တွင် ကျင်းပမည်ဖြစ်သဖြင့် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးနှင့် ကျောင်းသား/ကျောင်းသူများစာမေးပွဲကို အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီသည် ကြိုတင်၍စာစစ်ဌာနများသို့ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ချမ်းအေးသာစံမြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း ဦးဆောင်ကာအဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိစာစစ်ဌာနများဖြစ်သည့် အမှတ်(၁၂)၊ အမှတ်(၁၄)နှင့် အမှတ်(၁၆) အခြေခံပညာအထက်တန်းကျောင်းများသို့ ကွင်းဆင်းကာ စာဖြေခန်းများဆောင်ရွက်ထားရှိမှုများ၊ စာဖြေခန်းများတွင် လုံလောက်သောအလင်းရောင်ရရှိရေး၊ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ လုံခြုံရေးဆောင်ရွက်မည့်အစီအမံများ၊ ကျန်းမာရေးစောင့်ရှောက်မှု စီစဉ်ဆောင်ရွက်ထားရှိမှုများ၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှုများကိုစစ်ဆေးရာ မြို့နယ်ပညာရေးမှူး ဦးကျော်နိုင်သွင်၊ စာစစ်ဌာနများ၏ ကြီးကြပ်ရေးမှူး ဆရာ/ဆရာများ၊ ကျောင်းအုပ်ကြီးများက ရှင်းလင်းတင်ပြခဲ့သည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့်စစ်ဆေးသွားမည်ဖြစ်ပြီး အမှတ်(၁၂)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၄၉၂)ဦး၊ အမှတ်(၁၄) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၅၂၇)ဦးနှင့် အမှတ်(၁၆)အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် (၅၅၀)ဦး စုစုပေါင်း (၁၅၆၉)ဦး ဖြေဆိုမည်ဖြစ်ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးတွင်လည်း စာစစ်ဌာနကို ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထွန်းထွန်းနိုင်