မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင် မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ မတ် ၁

မန္တလေးတိုင်းဒေသကြီး မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါအသင်းရုံး(ခွဲ)၌ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ တောင်ပိုင်း ပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းရန်ကုန်(ဗဟို)ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ၊ အသင်းသူအသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ) ဖွင့်လှစ်ခြင်းဖြင့် မြန်မာအနုပညာနှင့်ယဉ်ကျေးမှုကို ကမ္ဘာသို့သိရှိအောင် ဖော်ထုတ်ပြသရာတွင် များစွာအထောက်အကူ ပြုမည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနုပညာနှင့်ယဉ်ကျေးမှုများကို ပိုမိုတိုးတက် အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းလုပ်ဆောင်ကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

၎င်းနောက် တောင်ပိုင်း ပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဥက္ကဋ္ဌ Mr. Chen En Tian က အသင်းကြီးအကြောင်းအရာများနှင့်ပတ်သက်၍ မိတ်ဆက်စကားကိုလည်းကောင်း၊ မြန်မာ့အနုပညာ နှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဋ္ဌဒေါ်အေးသဉ္ဇာသူကနှုတ်ခွန်းဆက်စကားကိုလည်းကောင်း၊ ဒုတိယ ဥက္ကဋ္ဌ(၂) ဒေါ်မြသွေးရည်က အသင်း၏ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ(၁) ဒေါ်တင်တင်လှိုင်က ဆုတောင်းစကားကို လည်းကောင်း အသီးသီးပြောကြားခဲ့ပြီးနောက်အသင်း၏ဖွဲ့စည်းပုံအား ရှင်းလင်းတင်ပြပြီး အသင်းဝင်များနှင့်လုပ်ငန်းတာဝန်များကို မိတ်ဆက်ပြောကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myanmar Arts & Culture Association)ရုံး(ခွဲ)ဖွင့်ပွဲ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေမှုများကိုကြည့်ရှုအားပေးခဲ့ကြောင်း၊ အသင်းရုံး(ခွဲ)ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အတွက် အလှူငွေများနှင့် ကပြဖျော်ဖြေခဲ့ကြသည့်အဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သရှိသည်။

ထွန်းထွန်းနိုင်