အောင်မြေသာစံ မတ် ၁
မန္တလေးတိုင်းဒေသကြီး မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှအသင်း (Myanmar Arts & Culture Association) ရုံး (ခွဲ) ဖွင့်ပွဲအခမ်းအနားကို ဖေဖာ်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မဟာအောင်မြေမြို့နယ်ရှိ အဆိုပါအသင်းရုံး(ခွဲ)၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ တောင်ပိုင်းပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေးကော်မတီဥက္ကဋ္ဌ၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်းရန်ကုန် (ဗဟို) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ အသင်းသူ၊ အသင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အခမ်းအနား၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို မြန်မာ့အနုပညာနှင့် ယဉ်ကျေးမှအသင်း (Myanmar Arts & Culture Association) ရုံးခွဲဖွင့်လှစ်ခြင်းဖြင့် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုကို ကမ္ဘာသို့ သိရှိအောင် ဖော်ထုတ်ပြသရာ တွင် များစွာအထောက်အကူပြုမည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနုပညာနှင့်ယဉ်ကျေးမှုများကို ပိုမိုတိုးတက်အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်း လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
၄င်းနောက် တောင်ပိုင်း ပိုးလမ်းမနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဥက္ကဋ္ဌ Mr. Chen En Tian က အသင်းကြီးအကြောင်းအရာများနှင့် ပတ်သက်၍ မိတ်ဆက်စကားကိုလည်းကောင်း၊ မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဒေါ်အေးသဉ္ဇာသူက နှုတ်ခွန်းဆက်စကားကို လည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂) ဒေါ်မြသွေးရည်ကအသင်း၏ ရည်ရွယ်ချက်နှင့် အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၁) ဒေါ်တင်တင်လှိုင်က ဆုတောင်းစကားကိုလည်းကောင်း အသီးသီး ပြောကြားခဲ့ပြီးနောက် အသင်း၏ ဖွဲ့စည်းပုံအား ရှင်းလင်းတင်ပြပြီး အသင်းဝင်များနှင့်လုပ်ငန်းတာဝန်များကို မိတ်ဆက် ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်မာ့အနုပညာနှင့်ယဉ်ကျေးမှုအသင်း (Myarimar Arts & Culture Association) ရုံး (ခွဲ) ဖွင့်ပွဲကို ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာ့ယဉ်ကျေးမှုအကအလှများဖြင့် ဂုဏ်ပြုဖျော်ဖြေခြင်းကိုကြည့်ရှုအားပေးပြီး၊ အသင်းရုံးခွဲ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ်မန္တလေးတိုင်းဒေသကြီး မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အတွက် အလှူငွေများနှင့်ကပြဖျော် ဖြေခဲ့ကြသည့် အဖွဲ့များအား ဂုဏ်ပြုငွေများ ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)