ကျောက်ဆည်မြို့နယ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ကျောက်ဆည် မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲ၊ ပါဠိပထမပြန် စာမေးပွဲနှင့် နိကာယ်စာမေးပွဲတို့တွင်အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာ တော်များအား အောင်လက်မှတ်၊ စာအောင်ဆုဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားနှင့် မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၈) ရက်၊ မွန်းလွဲ (၁) နာရီက သီရိသာသနာ့ဓမ္မာရုံ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။       

အခမ်းအနားကို နမောတဿ သုံးကြိမ်ဘုရားကန်တော့ ဖွင့်လှစ်ပြီး ရွှေကူညီမိုးကုတ်ဝိပဿနာ ပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယကဆရာတော် ဘဒ္ဒန္တဇနိနာဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကောင်းမြတ်နိုင်က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး မြို့နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဟာရွှေစေတီ စာသင်တိုက်ပဓာနနာယက ဘဒ္ဒန္တပညာသာမိက (မဟာဂန္တဝါစကပဏ္ဍိတ)မှ စာအောင်ဆုချီးမြှင့်မည့် အစီအစဉ်များကို ရှင်းလင်းမိန့်ကြားခဲ့သည်။

ထို့နောက်ကျောက်ဆည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်အဖွဲ့ဝင်များက စာအောင်သံဃာတော်များအား စာအောင်လက်မှတ်များနှင့်စာအောင်ဆုများ ဆက်ကပ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ မင်းကုန်းကျောင်းတိုက်မှ ဘဒ္ဒန္တဃောသိတ(ဂန္တဝါစက) အရှင်သူမြတ် ဆရာတော်ကြီးထံမှ အနုမောဒနာ တရား နားယူ၍ ရေစက်သွန်းချအမျှ‌ပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထို့နောက် ပင့်သံဃာ (၅၃) ပါးနှင့် စာအောင်သံဃာတော် (၂၃၀) ပါး၊ စုစုပေါင်း (၂၈၃)ပါးတို့အား ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ စက်ရုံ/ အလုပ်ရုံများမှ ဝန်ထမ်းများ၊ ရပ်မိရပ်ဖများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းနှင့် လှူဘွယ်ပစ္စည်းများ၊ ဝတ္တုငွေများ လောင်းလှူခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)