ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ

အမရပူရ မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ယမန်နေ့ညနေ့ ၃ နာရီအချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက  အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဗိုလ်မှူးကြီးနေလင်းစိုးက အမှာစကားပြောရာတွင် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာတွင် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆင့်ခေါ်ရေး၊ မဲနှိုက်စနစ်ဖြင့်​ရွေးချယ်ရာတွင် ပွင့်လင်းမြင်သာစွာနှင့် မျှတမှုရှိစေရေး၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာ၌ ငွေကြေးကောက်ခံမှုမရှိစေရေး အလေးထားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။ ထို့နောက် အမရပူရခရိုင်၊  ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ကိုလင်းကလက်ရှိဆောင်ရွက်နေသော လုပ်ငန်းစဥ်များကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြန်လည်ရှင်းလင်း ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ခရိုင်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့်ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

စိုးသီဟ