လိပ်သို ဖေဖော်ဝါရီ ၂၈
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒေသခံပြည်သူများမှာ မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် မရမ်းသီးပင်များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးထားကြရာ ခြံပိုင်ရှင်များက ပေါ်ဦးပေါ်ဖျား မရမ်းသီးများကို ဆွတ်ခူးရောင်းချလျက်ရှိနေကြောင်း သိရသည်။
ဒေသခံများမှာ မရမ်းသီးပင်များကို မိမိတို့၏ နေအိမ်ခြံဝင်းရှိ မြေလွတ်နေရာများနှင့် ဥယျာဉ်ခြံများတွင် အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာ စိုက်ပျိုးလျက်ရှိကြကြောင်း၊ နွေရာသီကာလ ရာသီဥတုပူပြင်းချိန်တွင် မရမ်းသီးများကို အသားငါး၊ အသီးအနှံ၊ ငါးပိ များနှင့်ရောချက်ကာ အချဉ်ဟင်းလျာအဖြစ် နှစ်ခြိုက်စွာ ပြုလုပ်စားသုံးကြကြောင်း မရမ်းသီးစိုက်တောင်သူတစ်ဦးထံမှ သိရသည်။
လိပ်သိုမြို့ပေါ်၌ မရမ်းသီးအကင်း တစ်ဆယ်သား တစ်ထုပ်လျှင် (၁၅၀ဝိ/-) ကျပ်၊ တစ်ပိဿာလျှင် (၁၅၀၀ဝိ/-) ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ မရမ်းသီးကင်းများကို ရောင်းဝယ်သူပွဲစားများက ကျေးရွာများသို့ သွားရောက်၍ အပင်ခြေရင်းအထိ လိုက်လံဝယ်ယူ လျက်ရှိပြီး ဒေသတွင်း၌သာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ လိပ်သိုမြို့နှင့် ထိစပ်လျက်ရှိသော မြို့နယ်၊ ကျေးရွာများသို့ ပို့ဆောင်ရောင်းချလျက်ရှိကြောင်း၊ မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိလာချိန်နှင့် ရင့်မှည့်လာချိန်တွင် ဈေးနှုန်းများ ကျဆင်းသွားကြောင်း သိရသည်။
ခင်လေးနွယ်