ပျော်ဘွယ် ဖေဖော်ဝါရီ ၂၈
ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်မှ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာကျေးရွာအုပ်စု၊ တောင်ဂွကျေးရွာအနီးတွင် တည်ဆောက်မည့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများအား တိုင်ပင်ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇) ရက် နံနက် (၁၀) နာရီက တွင်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။
ရှေးဦးစွာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၊ မိတ္ထီလာခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ရေလှောင်တမံတည်ဆောက်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မည့် အခြေအနေများကိုလည်းကောင်း၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ပျော်ဘွယ်မြို့နယ်ဦးစီးမှူး ဦးထာပန်ကျုံးက ရေလှောင်တံတည်ဆောက်ခြင်းနှင့်ပတ်သက်သည့် စီမံကိန်းအကြောင်း အရာတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခဲ့သည့် E Guard Environmental Services ၏ ဒါရိုက်တာ ဦးစိုးမင်းက ရေလှောင်တမံတည်ဆောက်နိုင်ရေး ကနဦးပတ်ဝန်းကျင် ဆန်းစစ်ခဲ့မှု အခြေအနေများကို ရှင်းလင်းဆွေးပြီး တက်ရောက်လာသည့် ဒေသခံပြည်သူများက ရေလှောင်တမံ တည်ဆောက်ပါက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မည့်အခြေအနေများ၊ စိုက်ဧကများအတွက် အကျိုးဖြစ်ထွန်းနိုင်မည့် အခြေအနေများနှင့် သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။
ပျော်ဘွယ်မြို့နယ်၊ တွင်းရွာကျေးရွာအုပ်စု၊ တောင်ဂွကျေးရွာအနီးတွင် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ပြီးပါက ဒေသခံပြည်သူများအတွက် သောက်သုံးရေလုံလောက်စွာရရှိနိုင်မည်ဖြစ်ပြီး ယာမြေဧရိယာ (၁၁၅၀) ဧကကိုလည်း စိုက်ပျိုးရေလုံလောက်စွာပေးဝေနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)