ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်းပြီး တောင်သူများ အရှုံးပေါ်

ညောင်ဦး ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် ဈေးကောင်း မရရှိခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးဆွတ်ခူးရောင်းချချိန် တောင်သူများတွက်ခြေမကိုက်ဖြစ်ကာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သစ်ထောင့်ကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးအေးကိုထံက သိရသည်။

ခရမ်းချဉ်သီးနှံသည် ပျိုးထောင်သည့် အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ခရမ်းချဉ်စိုက်ပျိုးသူထံက သိရသည်။ ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်စိုက်ပျိုးခြင်းအား မြေအောက်ရေသွင်းစိုက်ပျိုးခြင်းတို့ဖြင့် တိုင်ထောင်ခရမ်းချဉ်မျိုးများ စိုက်ပျိုးကြပြီး ပျိုးစေ့တစ်စေ့ခြင်းအား အိတ်တစ်အိတ်ခြင်းဆီ ထည့်ပျိုးထောင်ရကာ ပျိုးသက် ၁၅ ရက်ခန့်ရှိလျှင် စိုက်ပျိုးမည့် စိုက်ခင်းသို့ရွေ့ပြောင်းစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ၂၅ ရက်ခန့်ကြာလျှင် ခွပွင့်လိုက်ကာ အဖူးအပွင့်စတင် ဖူးပွင့်ပြီး ခွသီးသီးမှစတင်ကာ အသီးများ စတင်သီးလာပြီး ခရမ်းချဉ်ပင်များကိုလည်း တန်းလုပ်ကာ အပင်များအား ပြုပြင် စင်တင်ရကြောင်း သိရသည်။ ခရမ်းချဉ်သီး စတင်ပေါ်ကာစက တစ်ပိဿာ ၂၀၀၀ ကျပ်ထိရောင်းချခဲ့ရပြီး ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် တစ်ပိဿာဈေးနှုန်း ၃၀၀ ကျပ်မှ ၄၀၀ ကျပ်ထိရောင်းချရကာ ခရမ်းချဉ်စိုက်ပျိုးတောင်သူများ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း ခရမ်းချဉ်စိုက်ပျိုးတောင်သူများထံက သိရသည်။

ဒီပါလင်း